top of page

Life Long Learning (Teaser)

Updated: Jun 25, 2022



ဘဝတစ်သက်တာပညာသင်ယူမှု (Lifelong Learning) နှင့် စတင်ထိတွေ့ဖို့ အချိန်ကျပါပြီ။


‘ပညာသင်ယူခြင်း’လို့ဆိုတဲ့အခါမှာ

လူအများစုက ကလေးများ၊ လူငယ်များ၊ အရွယ်ရောက်ပြီးသူများအား ပညာရေးဆိုင်ရာအဆောက်အအုံကြီးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများကဲ့သို အများပြည်သူပိုင်ကျောင်း(သို့) ပုဂ္ဂလိကပိုင်ကျောင်းများနှင့် ယှဉ်တွဲမြင်ကြပါတယ်။


တစ်ချိန်တည်းမှာပဲ ‘ပညာတတ်မြောက်ခြင်း’ ကို လူအများစုက လက်ဆုပ်လက်ကိုင်ပြနိုင်သော သင်တန်းဆင်းလက်မှတ်များ၊ ဘွဲ့လက်မှတ်များ၊ စာရွက်စာတမ်းများဖြင့် တိုင်းတာသတ်မှတ်ကြပါသေးတယ်။


ဒါ့အပြင် ပညာသင်ယူတတ်မြောက်ဖို့အတွက် အချိန်ကာလဟူ၍လည်း တရားဝင်ပညာရေးစနစ်မှ အသက်အရွယ်တွေ ပိုင်းခြားထားကြပြန်တယ်။


‘ကျွန်တော်ထင်ပါတယ်၊ လူမှုဘဝရှင်သန်ရပုံများမှာ ဒေသအလိုက်တူညီမှုမရှိ ရှုပ်ထွေးလွန်းလှသည်ကို ဂရုမပြုမိပုံရပါတယ်’။


ဒါပေမယ့်လည်း တရားဝင်ပညာရေးစနစ်ရဲ့ သဘောသဘာဝ သတ်မှတ်ချက်များကို အပြစ်မြင်ကာ ပညာသင်ယူခွင့်ရရှိသည့်ကာလမှာ အရမ်းတိုလွန်းတယ်လို့ အားလုံးကို အပြစ်မမြင်စေချင်ပါ။


‘ ပညာလို အိုသည်မရှိ’ ဆိုတဲ့ မြန်မာ့ဆိုရိုးစကားအတိုင်း ပညာသင်ယူဖို့ရာ အသက်အရွယ်အရ အချိန်နှောင်းခြင်း လုံးဝမရှိပါ။


‘မှန်ပါတယ်၊ ကျွန်တော်တို့အားလုံးမှာ အချိန်တွေအများကြီးကျန်ပါသေးတယ်’။


ကျွန်တော်တို့အားလုံးဟာ လူရယ်လို့ဖြစ်လာတာနဲ့အမျှ လူသားတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာ ပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်လေ့လာနေဖို့လိုအပ်ပါတယ်။


ဒီလို အဆက်မပြတ်ပညာလေ့လာသင်ယူခွင့်အတွက် တရားဝင်ပညာရေးစနစ်ရဲ့ ပညာရေးအဆောက်အအုံများမှ သတ်မှတ်ချက်များကျော်လွန်၍ ပညာသင်ကြားဖို့ ကန့်သတ်တားဆီးခံရတာမျိုးကို စိတ်ပူဖို့ရန်မလိုပါ။


အဓိကအရေးအကြီးဆုံးမှာ ကျွန်တော်တို့အားလုံးမှာ ပြင်းပြသော သင်ယူလိုစိတ်တစ်ခု စဉ်ဆက်မပြတ် ရှိနေဖို့ပဲလိုပါတယ်။ ဒီလို စိတ်အားထက်သန်မှုတစ်ခုတည်းရှိရုံဖြင့်

ဘဝတစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ကို သင့်အနေနဲ့ အချိန်အခါမရွေး ၊ နေရာဒေသမရွေး လက်လှမ်းမှီနိုင်ပါတယ် ။


‘အသေအချာပါပဲ ၊ ဘဝတစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ပါ’။


ပညာရဲ့အဓိပ္ပာယ်ဖြစ်တဲ့ ‘အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း’ ဆိုတဲ့ စွမ်းရည်များကို ရယူရန် မည်သူမျှ နေရာသော်လည်းကောင်း၊ အချိန်သော်လည်းကောင်း ကန့်သတ်သတ်မှတ်၍ မရနိုင်ပါ။


ထာဝရ ပညာရေးအဆောက်အအုံကို အချိန်မရွေး၊ နေရာမရွေး ကျွန်တော်ကိုယ်တိုင်၊ သင်ကိုယ်တိုင်၊ ကျွန်တော်တို့အားလုံးကိုယ်တိုင်တည်ဆောက်နိုင်ပါတယ်။


ဒီလို အလွယ်တကူလက်လှမ်းမှီနိုင်တဲ့ ထာဝရပညာရေး အဆောက်အအုံကြီး တည်ဆောက်နိုင်ဖို့ရာအတွက် ဘဝတစ်သက်တာ ပညာသင်ယူမှု (Lifelong Learning) ဆိုတဲ့အဓိပ္ပာယ်ကိုတော့ ကောင်းစွာနားလည် သိရှိထားဖို့လိုအပ်ပါတယ်။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page