top of page

Life Long Learning (Epi - 3)



ဘဝတစ်သက်တာပညာသင်ယူမှု


အပိုင်း(၃)


“ကျောင်းတက်၍ ပညာမတတ်ခဲ့သော အဆောက်အအုံတွေကို ကျောခိုင်းကြမယ်”


အားလုံးပဲမင်္ဂလာပါ။


အရင်အပတ်တွေမှာတော့ စာဖတ်သူတွေအနေနဲ့ ဘဝတစ်သက်တာ ပညာသင်ယူမှုရဲ့ အဓိပ္ပာယ် နဲ့ ၎င်းရဲ့ အရေးပါပုံတွေအပါအဝင် ကျွန်တော်တို့အားလုံး ဘာကြောင့် ဘဝတစ်လျှောက် လုံး အဆက်မပြတ် ပညာသင်ယူဖို့လိုအပ်သလဲဆိုတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။


စာဖတ်သူတွေအနေနဲ့ ဒီအကြောင်းအရာတွေကို သိရှိပြီးသွားတဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိမတည်မငြိမ်မှုတွေဖြစ်နေတဲ့ အချိန်မှာ ပညာသင်ယူလိုသူတွေအတွက် ဘဝတစ်သက်တာသင်ယူမှုကို ဘယ်နေရာတွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့လက်လှမ်းမီနိုင်မလဲ ဆိုတဲ့ ပဟေဠိ မေးခွန်းတွေက ခေါင်းထဲမှာပြည့်နှက်နေမှာ အသေအချာပဲဖြစ်မှာပါ။


ဒါ့ကြောင့် ဒီနေ့မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပညာသင်ယူဖို့ရန် စိတ်အားထက်သန်သူတွေအတွက် လက်ရှိတိုင်းပြည်မတည်ငြိမ်တဲ့အခြေအနေမှာ မိမိအတွက် ပညာရပ်ဆိုင်ရာ ဗဟုသတများဖြည့်ဆည်းရင်း စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုကိုပါ အထောက်အပံ့ဖြစ်စေမယ့် လတ်တလောကာလ အဆက်အပြတ်ပညာသင်ယူနိုင်မယ့် ယေဘုယျဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းလေးတွေကို ဖော်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


လက်ရှိကာလမှာ ကျွန်တော်တို့အားလုံးအနေနဲ့ ကျောင်းတက်ရောက်ခြင်းနဲ့ပတ်သတ်ပြီး ကောင်းမွန်သောအကျိုးကျေးဇူးတွေရှိတာကို သိပေမယ့်

မြန်မာနိုင်ငံရဲ့ ကျောင်းပညာရေးစနစ်ကရော ဒီအကျိုးကျေးဇူးတွေကို အမှန်တကယ် အာမခံပေးနိုင်ရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။


သမိုင်းတစ်လျှောက်မှာလည်း မြန်မာနိုင်ငံပညာရေးစနစ်တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းမှုများရှိခဲ့ပေမယ့် စစ်အာဏာရှင်စနစ်လွှမ်းမိုးမှုတွေကြောင့် အဆင့်အတန်းမြင့်မားတဲ့ ပညာရေးစနစ်တစ်ခု တည်ဆောက်ပေးနိုင်ခဲ့ခြင်း မရှိတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။


ဒါ့ကြောင့် ခုလိုပုံမှန်မဟုတ်တဲ့ အကျပ်အတည်း အခြေအနေမှာ ဘဝတစ်သက်တာပညာသူယူဖို့ရန်

ပညာရေးဝန်ဆောင်မှုတွေကို ရယူနိုင်ဖို့ အဓိကအားထားရမယ့်နည်းလမ်းထဲမှ တစ်ခုကတော့ ကြားကာလပညာရေး ဖြည့်ဆည်းမှုများပေးနေတဲ့အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။


ကိုဗစ် ၁၉ ရောဂါကပ်ဘေးကြီး အပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း တိုင်းပြည်ရဲ့ ပညာရေးယန္ဒရား ကောင်းစွာ မလည်ပတ်တော့တာနဲ့တစ်ပြိုင်နက် ကြားကာလပညာရေး ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်းတွေ မများလွန်းပေမယ့် အတိုင်းအတာတစ်ခုထိ ပေါ်ထွက်လာကြတာ အားလုံးသတိထားမိကြမှာပဲဖြစ်မှာပါ။


ဒီလိုအဖွဲ့အစည်းတွေကပဲ ကျွန်တော်တို့အားလုံး အဆက်မပြတ်လေ့လာသင်ယူနိုင်တဲ့ လမ်းကြောင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ဒါ့အပြင် ကျွန်တော်တို့နွေဦးတက္ကသိုလ်အပါအဝင် အွန်လိုင်းအခြေပြု ပညာရေးအဖွဲ့အစည်းများနှင့် အခြားသော ရပ်ရွာ၊ လူထုအခြေပြု ပညာရေးအဖွဲ့အစည်းတွေကနေ ပညာသင်ယူရင်း အာဏာရှင်စနစ် ပျက်သုဉ်းရေး လှုပ်ရှားမှုမှာ တစ်တပ်တစ်အား ပါဝင်ကြရမယ့်အချိန်ပဲဖြစ်ပါတယ်။


ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာတစ်ရပ်ကတော့ မတည်မငြိမ်မှုများ ဖြစ်ပေါ်နေတဲ့အလျောက် ပညာဖြည့်ဆည်းပေးသူများ (Supply -side) ဘက်မှအခက်အခဲများ နဲ့ ပညာရယူသူ ( Demand-side ) ဘက်မှ အခက်အခဲများကြောင့် အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ပညာရေးအစီအမံတွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးတာပဲဖြစ်ပါတယ်။


အဲ့ဒီ့အားနည်းချက်ရဲ့ အကျိုးဆက်အနေနဲ့ ကတော့ မြန်မာနိုင်ငံရဲ့လတ်တလောကာလမှာ စဉ်ဆက်မပြတ်ပညာလေ့လာသင်ယူနိုင်မှုကို လေ့လာကြည့်တဲ့အခါ အဓိကအားဖြင့် အုပ်စုသုံးစု ခွဲခြားကြည့်လို့ရပါတယ်။


ပထမဆုံးအုပ်စုမှာတော့ ကြားကာလ ပညာသင်ယူခွင့်ရယူဖို့ရန် ငွေကြေးအပါအဝင် အခြားသော အရင်းအမြစ်များ တတ်နိုင်သောအုပ်စုပဲဖြစ်ပါတယ်။


ဒုတိယအုပ်စု အနေနဲ့ကတော့ အဆက်မပြတ်ပညာလေ့လာသင်ယူလိုသော စိတ်အားထက်သန်သော်လည်း ငွေကြေးအပါအဝင် အခြားသောလိုအပ်တဲ့ အရင်းအမြစ်များ လက်လှမ်းမီနိုင်ဖို့ရန်ခက်ခဲနေသော အုပ်စုပဲဖြစ်ပါတယ်။


တတိယအနေနဲ့ နောက်ဆုံးအုပ်စုကတော့ ပညာစဉ်ဆက်မပြတ်သင်ယူရန် ငွေကြေးနှင့် အခြားသောလိုအပ်တဲ့ အရင်းအမြစ်များ လက်လှမ်းမီနိုင်ခြင်းမရှိတဲ့အပြင် လုံခြုံစွာ ပညာသင်ယူနိုင်တဲ့ ပတ်ဝန်းကျင်မရှိသောသူများပဲဖြစ်ပါတယ်။


အခုလို အခြေအနေအမျိုးမျိုးရှိနေတဲ့ အုပ်စုသုံးမျိုးထဲမှာမှ ပထမ အုပ်စုထဲကသူတွေကတော့ အထက်ဖော်ပြပါကြားကာလအဖွဲ့အစည်းများမှအပါအဝင် အခြားသောသမရိုးကျမဟုတ်တဲ့ ပညာရေးစနစ်များနဲ့ပါ လုံလောက်တဲ့အရင်းအမြစ် အထောက်အပံ့များနဲ့ ပညာကိုစဉ်ဆက်မပြတ်သင်ယူနေနိုင်တဲ့ အခွင့်အရေး ရရှိနေပါသေးတယ်။

ဒါ့ကြောင့် လတ်တလောကာလမှာ အရင်းအမြစ်လုံလောက်စွာ လက်လှမ်းမီနိုင်သေးတဲ့အခြေအနေကို ကောင်းစွာအသုံးချ၍အစဉ်အလာမဟုတ်တဲ့စနစ်တစ်ခုခုမှ သင်ယူနိုင်တဲ့ သူတွေအနေနဲ့ အဆက်မပြတ် ပညာလေ့လာသင်ယူရင်း တော်လှန်ရေးကိုအထောက်အပံ့ ဖြစ်စေတာတွေကို လုပ်ရမှာပဲဖြစ်ပါတယ်။ဒါတင်မကသေးဘဲ သင်ယူပြီးသောပညာများကိုလည်း အခြားလက်လှမ်းမမှီသော သူများကို တတ်နိုင်သလောက် ပြန်လည်ဝေမျှတာကို မဖြစ်မနေလုပ်ဖို့လည်းလိုပါတယ်။


ဒီလိုအခြေအနေမှာ ဒုတိယအုပ်စုနဲ့ တတိယအုပ်စုထဲမှာပါနေတဲ့ ပညာသင်ယူလိုသူတွေအနေနဲ့ကတော့ အွန်လိုင်းမှပညာသင်ယူခြင်းများကိုကောင်းစွာ လက်လှမ်းမမီနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။

ဒါ့အပြင် စဉ်ဆက်မပြတ် ပညာရေးဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊တာဝန်ရှိသူများက ဒီလိုပညာသင်ယူဖို့ရန် လူထုအားလုံးအကျုံးဝင်တဲ့ ထိရောက်သော မူဝါဒတွေ၊ ပညာသင်ယူဆည်းပူးခွင့် အခွင့်အလမ်းတွေဖန်တီးပေးခြင်း အားနည်းလျက်ရှိနေပါတယ်။ အွန်လိုင်းမဟုတ်သော ကြားကာလပညာရေးဖြည့်ဆည်းမှုများမှာ နည်းပါးနေတာမှန်ပေမယ့် သင်ယူလိုစိတ်ပြင်းပြကာ တတ်နိုင်တဲ့ဘက်က ပညာသင်ယူနိုင်ရန် အခွင့်အရေးရသလောက် ကြိုးပမ်းရမှာပဲဖြစ်ပါတယ်။


ဥပမာ - ကြားကာလပညာသင်ကြားတဲ့အဖွဲ့အစည်းများမှ အွန်လိုင်းကိုအခြေမပြုတဲ့ ပညာသင်ယူနိုင်မယ့်နည်းလမ်းများဖြစ်တဲ့(မမ်မိုရီစတစ်များ၊ စာအုပ်များ၊အသံဖိုင်များကဲ့သို့အရင်းအမြစ်များ)မှတစ်ဆင့် သင်ယူနိုင်ပါတယ်။


ဒါ့အပြင် ရေဒီယိုအစီအစဉ်များမှလည်း သင်ယူနိုင်ပါသေးတယ်။ထိုမှတစ်ဆင့် သတင်းအချက်အလက်တွေကို လက်လှမ်းမီရယူနိုင်စွမ်း၊ ဆန်းစစ်ဝေဖန်နိုင်စွမ်းတွေအပြင် ကိုယ်တိုင်သတင်းအချက်အလက်များ ပြန်လည်မျှဝေနိုင်စွမ်း စတဲ့ Media literacy ဆိုင်ရာ ပညာရပ်များကိုလည်း အနည်းဆုံးအနေနဲ့ သင်ယူလိုစိတ်ရှိပါက ရယူနိုင်ပါတယ်။


ဒါတွေတင်မကသေးဘဲ နေ့စဉ်နဲ့အမျှဖြတ်သန်းနေသော လူမှုပတ်ဝန်းကျင်မှလည်း ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စသည့်အသိပညာ၊အတွေ့အကြုံတို့ကို အခါအခွင့်သင့်သလိုသင်ယူနိုင်ပါသေးတယ်။


ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မှီသော ပညာရပ်များကို ကြားကာလအစီအစဉ်တွေအနေနဲ့ ဖြည့်ဆည်းပေးမှုများမှာ အင်မတန်မှ နည်းပါးနေတယ်ဆိုပေမယ့် အလျဉ်းမရှိခြင်း မဟုတ်တာကို သတိချပ်စေလိုပါတယ်။ယခင်ဆောင်းပါများတွင် အထပ်ထပ်အခါခါပြောခဲ့သလို ပြင်းပြသော အဆက်မပြတ် သင်ယူလေ့လာလိုစိတ်ရှိဖို့ပဲလိုအပ်ပါတယ်။


ကျွန်တော်တို့နွေဦးတက္ကသိုလ်အနေနဲ့လည်း မဝေးတော့တဲ့အနာဂတ်မှာ ရေတို၊ရှေရှည် မျှော်မှန်း၍ အရည်အသွေးပြည့်မီပြီး ပညာလိုလားသူအားလုံး လက်လှမ်းမီသင်ယူနိုင်မယ့် ပညာရေးကို လူထုထံအရောက်ပို့နိုင်ရန် အကောင်းဆုံးကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။


တစ်ဆက်တည်းမှာပဲ အခြားသော ကြားကာလပညာရေးအဖွဲ့အစည်းများအပါအဝင် တာဝန်ရှိသူလူပုဂ္ဂိုလ်၊အဖွဲ့အစည်းတို့က အနာဂတ်မှာ အားလုံးလွှမ်းခြုံအကျုံးဝင်နိုင်တဲ့ ပညာရေးအစီအမံများ ပြုလုပ်ပေးနိုင်ရန် ပြင်ဆင်နေကြမှာ အသေအချာပဲဖြစ်ပါတယ်။


ဒါ့ကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ ပညာလေ့လာသင်ယူလိုသူတွေအနေနဲ့ စိတ်ဓာတ်ကျခြင်းမရှိပဲ လေ့လာသင်ယူလိုစိတ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေကာ အခက်အခဲ၊အကျပ်အတည်းကြားမှ ပညာဝမ်းစာကို ရရာနည်းနဲ့ ဖြည့်တင်းရင်း စစ်အာဏာရှင်ကိုလည်းတော်လှန်တဲ့ နည်းလမ်းများကို အသုံးချရယူစေရန် အကြံပြုတိုက်တွန်းလိုက်ရပါတယ်။ နောက်ဆုံးအနေနဲ့ပြောလိုတာကတော့ “ကျောင်းတက်ပြီး ပညာမတတ်ခဲ့တဲ့ စစ်ခြေရာတွေမကင်းတဲ့ ပညာရေးစနစ်နဲ့အဆောက်အအုံတွေကို ကျောခိုင်း”ကာ သမရိုးကျမဟုတ်တဲ့ ခေတ်မီနည်းပညာတွေ၊ သင်ယူမှုစနစ်တွေနဲ့ ရောက်ရာဒေသမှာ ထာဝရပညာရေးအဆောက်အအုံ ကိုယ်တိုင်တည်ဆောက်ကြပါရန် တိုက်တွန်းအကြံပြုရင်း ဆောင်းပိုင်းအပိုင်းဆက် (၃) လေးကို အဆုံးသတ်လိုက်ရပါတော့တယ်။


နောင်တစ်ပတ်မှာတော့ ဘဝတစ်သက်တာပညာသင်ယူမှု ဆောင်းပါး နောက်ဆုံး အပိုင်းဆက်ဖြစ်တာမို့ စိတ်ဝင်စားဖွယ် ဘယ်လိုအကြောင်းအရာတွေနဲ့ တင်ပြဆွေးနွေးသွားမလဲသိချင်ရင်တော့ နောက်အပတ် တနင်္ဂနွေနေ့မှာ စောင်မျှော်ဖတ်ရှုဖို့ ပြောကြားရင်းနှုတ်ဆက်လိုက်ပါတယ်။



12 views0 comments

Recent Posts

See All
bottom of page