top of page

Life Long Learning (Epi - 1)

Updated: Jun 25, 2022



ဘဝတစ်သက်တာပညာသင်ယူမှု


အပိုင်း(၁)


အတွေးအခေါ်တော်လှန်ရေး


အားလုံးပဲမင်္ဂလာပါ။


အရင်အပတ်က ဘဝတစ်သက်တာပညာသင်ယူမှုနဲ့စတင်ထိတွေ့ခြင်းဆောင်းပါးမိတ်ဆက်ကို ဖတ်ပြီး အားလုံးက ဘဝတစ်သက်တာပညာသင်ယူမှုနဲ့ ပတ်သတ်ပြီး အကြောင်းအရာ အသေးစိတ်ကို ဂဃနဏ သိချင်နေကြမှာ အသေအချာပဲဖြစ်မှာပါ။


ဘဝတစ်သက်တာပညာသင်ယူမှုဆိုတာကတော့

လူသားအားလုံး မွေးဖွားတဲ့အချိန်မှ သေဆုံးတဲ့အချိန်အထိ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပညာပိုင်းဆိုင်ရာ နဲ့ ကိုယ်ကျင့်တရားဆိုင်ရာအပါအဝင် အစရှိသော စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ်လေ့လာခြင်းပဲဖြစ်ပါတယ်။


ဆိုလိုတာကတော့ ကျွန်တော်တို့ဟာ အများပြည်သူပိုင်(သို့မဟုတ်)ပုဂ္ဂလိကပိုင်ကျောင်း၊ကောလိပ်၊တက္ကသိုလ်တို့လို ပညာ​ရေးအဖွဲ့အစည်းများ အစရှိသောနေရာများတွင်သာ ပညာဆည်းပူးနိုင်ရယူနိုင်တယ်လို့ သတ်မှတ်ယူဆထားကြပါတယ်။


တစ်ဖန် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပထမအရွယ်မှာ ပညာရှာဆိုတဲ့ ရှေးနီတိဆုံးမစကားအတိုင်း အခြေခံပညာ၊အဆင့်မြင်ပညာတွေကို သင်ယူရေးကို ဘဝရဲ့ကနဦးအချိန်တွေမှာပဲ ဆောင်ရွက်ရမယ်ဆိုတဲ့ သတ်မှတ်ကန့်သတ်ချက်တွေကို စွဲမြဲကျင့်သုံးနေကြဆဲဖြစ်ပြီး ဘွဲ့လက်မှတ်တွေရလို့ ကျောင်းကထွက်လာရင် သင်ယူလေ့လာရေးဆုံးခန်းတိုင်ပြီလို့ မှတ်ယူကြဆဲဖြစ်ပါတယ်။


ဒါ့အပြင် ပညာသင်ယူတတ်မြောက်ခြင်းကို သက်မဲ့စာရွက်စာတမ်းများနှင့် တိုင်းတာတတ်သော သမရိုးကျအတွေးအခေါ် များမှာလည်း အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်လျက်ရှိတုန်းပဲဖြစ်ပါတယ်။


ဒါပေမယ့် ဘဝတစ်သက်တာ ပညာသင်ယူမှု ဆိုတာဟာ ကျွန်တော်တို့ မြန်မာ့ လူမှုအသိုက်အဝန်းမှာ အမြစ်တွယ်နေတဲ့ ပညာသင်ယူခြင်းနဲ့ သက်ဆိုင်တဲ့ သမရိုးကျတွေးခေါ်မှု အလေ့အထစွဲတွေထက် ပိုမိုနက်နဲကျယ်ဝန်းပါတယ်။


အကြောင်းကတော့

ဘဝတစ်သက်တာ ပညာသင်ယူမှုဆိုတဲ့ ရှည်လျားသော ပညာသင်ယူမှုဖြစ်စဉ်ကြီးမှာ အစဉ်အလာပညာရေးသာမကပဲ အစဉ်အလာမဟုတ်သည့် ပညာရေးစနစ်ကဲ့သို့သော အလွတ်သဘောပညာရေးစနစ်များလည်း အကျုံးဝင်လျက်ရှိပါတယ်။


ပညာရပ်ဆိုင်ရာသင်ကြားမှု သင်ယူမှုစနစ် အားလုံးကို လွှမ်းခြုံထားကာ

နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတရယူခြင်းကို အခြေပြုထားတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။



ခမ်းနားကြီးကျယ်သော စာသင်ကျောင်း၊ တက္ကသိုလ်မုခ်ဝ စာသင်ခန်းအဆောက်အဦးကြီးများရှိမှ ပညာရယူနိုင်မည်မဟုတ်ပါ။


သင်ယူဖို့ ဆန္ဒရှိပါက ဝါးအိမ်၊ပျဉ်ထောင်အိမ်၊ရွက်ဖျင်တဲမှာပါ ပညာကို သင်ယူနိုင်ပါတယ်။


သတ်မှတ်ထားသောငယ်ရွယ်သည့်အချိန်ကာလအတွင်း၌သာ ပညာသင်ယူနိုင်သည်မဟုတ်ပါ။


သင်ယူဖို့ ဆန္ဒရှိပါက နောက်ဆုံးထွက်သက်မတိုင်မီ၊ မသေဆုံးခင်အချိန်အထိ ပညာကိုသင်ကြားနိုင်ပါတယ်။


ကျွန်တော်တို့အားလုံးဟာ တစ်သက်တာ ပညာသင်ယူမှုကို လက်လှမ်းမှီနိုင်ရန် စိတ်ထဲမှာ ပြင်းပြသော အဆက်မပြတ်သင်ယူလိုစိတ်ရှိဖို့သာ အရေးကြီးဆုံးဖြစ်ပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရသော ရောဂါကပ်ဘေးကြီးအပါအဝင် ဆိုးရွားလှတဲ့ နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် အဆက်မပြတ်ပညာလေ့လာသင်ယူခွင့်ဆုံးရှုံးလျက်ရှိသော ကလေး၊လူငယ်၊ပညာသင်ယူသူများ အနေနဲ့ စိတ်ဓာတ်မကျပဲ အစဉ်အလာမဟုတ်သော ပညာရေးစနစ်များဖြင့် တတ်နိုင်သလောက် သင်ယူနိုင်ခွင့် ရှိပါသေးတယ်ဆိုတာ သတိပြုမိစေချင်ပါသေးတယ်။


လက်ရှိတော်လှန်ရေးဟာလည်း စစ်အာဏာရှင်များ နှစ်ပေါင်းများစွာ ရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်ဆိုး၊အတွေးအခေါ်ဟောင်းများကို အမြစ်ဖြတ်တော်လှန်ရမယ့် အတွေးအခေါ်တော်လှန်ရေးတစ်ရပ်လည်းဖြစ်ပါတယ်။Che Guevara ပြောခဲ့တဲ့ “The first duty of a revolution is to be educated” ဆိုတာကို လက်ခံနားလည်ကာ မိမိ၏ ကိုယ်ပိုင်အသိနှင့် ပညာကို အသုံးပြုကာ

အနာဂတ်မြန်မာနိုင်ငံကို ပညာပြည့်ဝပြီး ကောင်းမွန်သော လူမှုအဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် ဘဝတစ်သက်တာ ပညာသင်ယူမှုရဲ့ အစစ်အမှန် အဓိပ္ပာယ်ကို နားလည်သဘောပေါက်စေရန် တင်ပြလိုက်ရပါတယ်။


နောက်အပတ်တွေမှာလည်း ဘဝတစ်သက်တာပညာသင်ယူမှုရဲ့ အရေးပါပုံများနဲ့ ဘာအတွက်ကြောင့် ကျွန်တော်တို့ဟာ ဘဝသက်တမ်းတစ်လျှောက် သင်ယူနေဖို့ လိုအပ်သလဲဆိုတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page