Feb (၁) ရက်နေ့ကစခဲ့တဲ့ တော်လှန်ရေးကြီးဟာ အခုဆို ရက်ပေါင်း (၂၅၆) တင်းတင်းပြည့်ပြီ။ တော်လှန်ရေးကြီးကြာရှည်လာတဲ့အမျှ လူငယ်၊လူကြီးတွေပါမကျန် မိမိရဲ့ အနာဂတ်၊ မိသားစုအရေးကို တွေးပူရင်း စိတ်ပင်ပန်းမှုတွေရှိနေမှာ ကျွန်တော်တို့ နားလည်ပါတယ်။
သို့သော်လည်း ဒီလို စိတ်ပင်ပန်းမှုတွေ၊ အနာဂတ်ပျောက်ရှမှုတွေက ဘယ်သူတွေကြောင့်ဖြစ်တာလဲ ကျွန်တော်တို့ အမြဲသတိကပ်နေရမယ်။
ဒီတော်လှန်ရေးခရီးစဉ်ကြီးမှာ ပေးလှူလိုက်ရတဲ့ တန်ဖိုးတွေကို ကျွန်တော်တို့ မေ့သွားလို့မရဘူး။
ဆရာဝန်ဖြစ်မယ့်သားတစ်ယောက် ဆုံးရုံးလိုက်ရတဲ့ မိဘရှိတယ်။ ချစ်ရတဲ့သမီးလေးနဲ့ ပြန်မတွေ့နိုင်တော့တဲ့ ဆရာမရှိတယ်။ အမြွှာညီအစ်ကိုတွေထဲက ဓာတ်ပုံထဲမှာဘဲ ကျန်ရှိတော့မယ့် ညီအစ်ကိုတွေရှိတယ်။
စာသင်ကျောင်းမှာ ရှိနေရမယ့် အရွယ်မှာ အိတ်တစ်လုံးကို ဆုပ်ကိုင်ရင်း ပြေးလွှားနေရတဲ့ စစ်ဘေးရှောင်
ပြည်သူတွေ၊ ကလေးငယ်တွေ၊ ဥပဒေမဲ့ ဖမ်းဆီးခံရမှုကြောင့် လူမဆုံတော့တဲ့ ထမင်းဝိုင်းတွေ၊ လူအခွင့်
အရေး ချိုးဖောက်ခံရမှုတွေအတွက် ထိုက်တန်တဲ့ တန်ဖိုးတစ်ခု၊ ဒီမိုကရေစီစံနှုန်းတစ်ခု ပြန်ပေးအပ်နိုင်ဖို့ လိုအပ်တယ်။
ဒီစစ်အာဏာရှင်ရဲ့ အာဏာသိမ်းမှုကြောင့် ဘယ်နေရာ၊ဘယ်သူတွေ အခက်အခဲတွေရှိနေမလဲ။ မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ အမြစ်တွယ်နေဦးမလဲ။
ဒီအရာတွေအားလုံး ကျွန်တော်တို့ မျက်ခြေမပြတ်စောင့်ကြည့်ဖို့ လိုအပ်တယ်။ တာဝန်တစ်ခုလိုသိရှိဖို့
လိုအပ်တယ်။ ဘာလို့ လိုအပ်လဲ။ အဖြေကရိုးရှင်းပါတယ်။ မြန်မာနိုင်ငံသားဖြစ်နေလို့၊ တမြေတည်းနေ၊ တစ်ရေတည်းသောက်၊ ဒီနိုင်ငံတွင်းမှာကြီးပြင်းခဲ့ရတဲ့ကျွန်တော်တို့ရဲ့တိုင်းရင်းသားညီအစ်ကိုတွေဖြစ်နေလို့ပါ။
သင်သွေးအေးသွားတဲ့အခါတိုင်း ဒီအချက်ကို မမေ့ပါနဲ့။
ဒီတော်လှန်ရေးကြီးအောင်နိုင်ခြင်းကသာ သင်ရဲ့မိသားစုအရေးနဲ့ ညီငယ်၊ညီမငယ်တွေရဲ့ လှပတဲ့
အနာဂတ်တွေကို အတူတူ ပုံဖော်နိုင်ဖို့၊ ကလေးငယ်တွေ စာသင်ကျောင်းမှာ ကောင်းမွန်စွာ ပညာသင်ကြား
နိုင်ဖို့၊ တိုင်းရင်းသားညီအစ်ကိုတွေကြား တန်းတူညီမျှမှုတွေ ရရှိဖို့ အဖြေရှာရမယ့် တစ်ခုတည်းသော နည်းလမ်းပါ။
သင်ပင်ပန်းနေပြီလား။ ခနလောက်အနားယူလိုက်။ ပြီးရင်ပြန်ထ။ သွေးအေးသွားလို့တော့ မရဘူးမဟုတ်လား။
ကျွန်တော်တို့က အသီးစားမည့်သူတွေမဟုတ်၊ အပင်စိုက်ရမယ့်သူပါ။ ကျွန်တော်တို့ အားသွန်၊ခွန်စိုက် ပျိုးထောင်လိုက်တဲ့ ဒီမိုကရေစီအပင်ကြီးက နောင်လာနောင်သားတွေအတွက် အရိပ်မိုးပေးနေပုံတွေ၊ အသီးအပွင့်တွေနဲ့ ဝေဆာနေပုံတွေမြင်ယောင်ကြည့်ရင်း အဆုံးထိ တော်လှန်ရေးမှာ ပါဝင်လိုက်ကြရအောင်။
အရေးတော်ပုံ အောင်ရမည်။
Comments