Conflict resolution (Epi - 2)



ပဋိပက္ခတွေကို ကာကွယ်ဖြေရှင်းနိုင်တဲ့အဖြေ(သို့မဟုတ်) ဖက်ဒရယ်


အပိုင်း(၂)


အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု နဲ့ ဘာသာစကားမူဝါဒများ


ဖက်ဒရယ်နိုင်ငံတွေမှာ ဘာသာစကားမူဝါဒ နဲ့ပတ်သတ်ပြီး အစီအမံချမှတ်ပုံတွေမှာ နိုင်ငံတစ်ခုနဲ့တစ်ခုကွဲပြားကြပါတယ်။ အချို့နိုင်ငံများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဗဟိုအဆင့်နဲ့ ပြည်နယ်အဆင့်နှစ်ခုလုံးမှာထည့်သွင်းအကာအကွယ်အကွယ်ပေးထားပြီး တစ်ချို့နိုင်ငံများမှာတော့ အစိုးရတစ်ရပ်ရပ်ထံမှာ အခွင့်အာဏာပေးထားပါတယ်။တဖန် ဖက်ဒရယ်ဟုဆိုပေမယ့် လူနည်းစုဘာသာစကားရပိုင်ခွင့်တွေမှာ များစွာအကန့်အသတ် ရှိနေကြသေးတဲ့ နိုင်ငံတွေလည်းရှိပါသေးတယ်။


ဒီလိုပဲ မြန်မာနိုင်ငံဟာလည်း နှစ်ပေါင်းများစွာစစ်အာဏာရှင် လက်အောက်ကျရောက်ခဲ့တဲ့ အလျောက် တိုင်းရင်းသားလူနည်းများအနေနဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေ ထိန်းသိမ်းမြှင့်တင်နိုင်ခြင်းမရှိခဲ့ပဲ ဘာသာစကား ဖိနှိပ်မှုတွေပြင်းထန်စွာ ခံခဲ့ရပါတယ်။


ဥပမာ - စာသင်ကျောင်းတွေမှာ ဗမာဘာသာစကားနဲ့ပဲ အခြေပြုကာ သင်ကြားခဲ့ရတာတွေပဲဖြစ်ပါတယ်။

အာရှဖောင်ဒေးရှင်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ထုတ် စာတမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ စုစုပေါင်း ကျေးလက်ကျောင်းသားငယ် အားလုံးရဲ့ ၃ဝ ရာခိုင်နှုန်းဟာ ကျောင်းမနေမီက မြန်မာစကားကို ကြားဖူးခဲ့ခြင်းတောင်မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ အဆိုပါကျောင်းသားအများစုဟာလည်း လူနည်းစုတိုင်းရင်းသားဒေသမှဖြစ်ပြီး နောက်ဆက်တွဲရိုက်ခတ်မှုဒဏ်တွေအနေနဲ့ ဘာသာစကားအခက်အခဲကြောင့် အခြေခံပညာအဆင့်မှာပင် ကျောင်းမှထွက်ခဲ့ခြင်းမျိုးတွေရှိခဲ့တာပဲဖြစ်ပါတယ်။


လူနည်းစု တိုင်းရင်းသားဒေသတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေထဲက ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းဟာလည်း သက်ဆိုင်ရာ ဒေသဘာသာစကား သို့မဟုတ် ဒေသိယစကားကို မပြောတတ်ကြပဲ မြန်မာ(ဗမာ) ဘာသာစကားကိုပဲ ပြောတတ်ကြပြီး ကျောင်းသားနဲ့ဆရာအကြား စာသင်ခန်းအတွင်း ကောင်းမွန်စွာချိတ်ဆက်သင်ကြားနိုင်မှုအားနည်းနေတယ်လို့ဆိုပါတယ်။


ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျောက် ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ကလေးတွေရဲ့ စာဖတ်စွမ်းရည်ကို အကဲဖြတ်တဲ့အခါမှာလည်း မြန်မာဘာသာနဲ့ လေ့လာနေသော ကရင်နီကလေးငယ်တွေထက် မိခင်ဘာသာ စကားနဲ့ သင်ယူသော စကောကရင်ကလေးများ၏ ပိုမိုကောင်းမွန်သော ပညာရေးရလဒ်ရတာတွေ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။


အထက်ပါ တွေ့ရှိချက်တွေနဲ့ အချိုးအစားတွေကိုကြည့်တာနဲ့ လူနည်းစု တိုင်းရင်းသားဘာသာစကားတွေ ပြင်းထန်စွာဖိနှိပ်ခံခဲ့ရပြီး ပညာရေးကဏ္ဍအပါအဝင်အခြားကဏ္ဍအသီးသီး ကြုံတွေ့ခဲ့ရတဲ့ အကြပ်အတည်းဆုံးရှုံးမှုတွေကိုဖြေရှင်းရန် ကောင်းမွန်တဲ့ ဘာသာစကားမူဝါဒ ချမှတ်ခြင်းအစီအမံတွေ မဖြစ်မနေလိုအပ်နေတာပဲဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ အတိတ်က တစ်ပြည်ထောင်စနစ် (သို့မဟုတ်) ဖက်ဒရယ်အသွင်ဆောင် တစ်ပြည်ထောင် စနစ် လို တိုင်းပြည်ပကတိအနေအထားနဲ့ မကိုက်ညီတဲ့ စနစ်တွေအောက်မှာ လူနည်းစုတိုင်းရင်းသားတွေဟာ အခွင့်အရေးတွေ များစွာ ဆုံးရှုံးနေခဲ့ရတယ်ဆိုတာ သိသာ မြင်သာလှပါတယ်။ဒါကြောင့် ဒီလိုဆုံးရှုံးသွားတဲ့ အခွင့်အရေးတွေကို ပြန်လည်ကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ အာမခံစောင့်ရှောက်ပေးနိုင်ဖို့ အထောက်အပံ့ကောင်းဖြစ်စေရန်

ဆောင်းပါး အပိုင်း(၂)လေးမှာတော့ အရင်အပတ်ကလိုပဲ ဖက်ဒရယ်နိုင်ငံတစ်ချို့မှာရှိတဲ့ ဘာသာစကားမူဝါဒလေးတွေကိုပဲ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။


နိုင်ဂျီးရီးယား




နိုင်ဂျီးရီးယားနိုင်ငံမှာ အဓိကအသုံးပြုကြတဲ့ ရုံးသုံးတိုင်းရင်းသား ဘာသာစကား (၃)မျိုးရှိပြီးတော့ အခြားဘာသာစကားပေါင်း (၄၅၀) ဝန်းကျင်ရှိပါတယ်။ဒါ့အပြင် သက်ဆိုင်ရာ ဒေသခံဘာသာစကားများကို အသုံးပြုနိုင်ကြသော်လည်း အင်္ဂလိပ်ဘာသာစကားကို အစိုးရပိုင်းဆိုင်ရာလုပ်ငန်းစဉ်များနဲ့ ပညာရေးကဏ္ဍတွင် အဓိကထားအသုံးပြုကြပါတယ်။



စပိန််




စပိန်နိုင်ငံမှာ တိုင်းရင်းသား ဘာသာစကား(၇)မျိုးရှိပြီး ကတ်တလန်ဘာသာစကားကိုတော့ အများအားဖြင့် သုံးစွဲပြောဆိုကြပြီး လူဦးရေရဲ့ ၆၀ % အသုံးပြုကြပါတယ်။Castalian ဘာသာစကား ကိုတော့နိုင်ငံသားအားလုံး သိရှိအသုံးပြုဖို့ အားပေးအားမြှောက်ပြုပြီး နိုင်ငံလူဦးရေ လေးပုံသုံးပုံရဲ့ မိခင်ဘာသာစကားလည်းဖြစ်ပါတယ်။ဒါ့အပြင် Catalon,Galician ,Basque,Valencian ဆိုပြီး စပိန်ဘာသာစကားနဲ့ တွဲဖက်အသုံးပြုနိုင်သော တွဲဖက်ရုံးသုံးဘာသာစကားများလည်း ထားရှိထားပါတယ်။


တောင်အာဖရိက




တောင်အာဖရိကနိုင်ငံမှာ အဓိကတိုင်းရင်းသားဘာသာစကား (၉) မျိုး နှင့် ဥရောပဘာသာစကား (၂) မျိုးကို အသုံးပြကြပါတယ်။သက်ဆိုင်ရာဒေသတိုင်းရဲ့ ဘာသာစကားအသီးသီးကို ပညာရေး၊သင်ကြားရေးကဏ္ဍတို့အပါအဝင် အုပ်ချုပ်ရေးကဏ္ဍတွေမှာ အသုံးပြုရန် အားပေးအားမြှောက်ပြုသော်လည်း အင်္ဂလိပ်ဘာသာစကား အဓိက သုံးစွဲတာကိုတွေ့ရပါတယ်။


#SpringUniversityMM

#SUM


0 views0 comments