top of page

တန်ဖိုးထားထိန်းသိမ်းရမယ့် “မြန်မာ့ရိုးရာ ခြင်းလုံး ကစားနည်း”


ယဉ်ကျေးမှုအမွေအနှစ်တွေလို့ ပြောလိုက်ရင် ကျွန်တော်တို့ ထိပ်ဆုံး ပြေးမြင်ကြတာက ရိုးရာဝတ်စားဆင်ယင်မှု၊ အစားအသောက်နှင့် ပွဲလမ်းသဘင်တွေပါပဲ။


တစ်ခါတစ်ရံ ကျွန်တော်တို့ မေ့လျော့နေသလို သတိမထား မိတာက “မြန်မာ့ရိုးရာ အားကစား” တွေပါ။ သမိုင်း အစဉ်အလာ ကြီးမားခဲ့တဲ့ ကျွန်တော်တို့မြန်မာလူမျိုး တွေဟာ အားကစားမှာလည်း ထူးချွန်ကြောင်း အားလုံး သိရှိကြမှာပါ။


သို့သော်လည်း မြန်မာ့ရိုးရာအားကစားအဖြစ် သတ်မှတ်ခဲ့ကြတဲ့ ကစားနည်းတွေအထဲမှာ ထင်ရှားတာတွေက ရိုးရာခြင်းလုံးနှင့် လက်ဝှေ့ပဲ ဖြစ်ပါတယ်။


ဒီနေ့မှာတော့ သမိုင်းအစဉ်အဆက် မြန်မာတို့ နှစ်ခြိုက်စွာ ကစားခဲ့ကြတဲ့ “မြန်မာ့ရိုးရာခြင်းလုံး ကစားနည်း” ရဲ့ ထူးခြားချက်တွေ အကြောင်း အနည်းငယ် ဖော်ပြပေးလိုပါတယ်။


✅ သမိုင်းကြောင်း




လွန်ခဲ့တဲ့နှစ်ပေါင်း မြောက်များစွာတည်းက မြန်မာဘုရင်များ နန်းတွင်းထဲမှာ ကစားခဲ့ကြတဲ့ တော်ဝင်ကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့မူပိုင်ဟူ၍ ပြောစမှတ်ပြုရလောက် အောင် နှစ်ပေါင်း ၁၅၀၀ ခန့် ကြာမြင့်ခဲ့ပါပြီ။ နောက်ပိုင်းမှာ နန်းတွင်းထဲမှာသာမက သာမာန်ပြည်သူများပါ ကစားလာခဲ့ကြတာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံကိုလိုနီလက်အောက် ကျရောက်ခဲ့တဲ့ အချိန်အတွင်းမှာလဲ ခြင်းလုံးကို အမျိုးသားရေး လက္ခဏာ တစ်ရပ်အဖြစ် မြင့်တင်ပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် လွတ်လပ်ရေး ရရှိတဲ့အချိန်မှာ ခြင်းလုံးကစားနည်းက အမျိုးသားအားကစားနည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။


✅ ပြိုင်ဘက်ကင်းတဲ့ကစားနည်းတစ်ခုဖြစ်တယ်။





ခြင်းလုံးကစားနည်းမှာ ပြိုင်ဘက်ဆိုပြီး သတ်မှတ်ထားတာ မရှိဘဲ အနိုင်၊အရှူံးထက် တစ်ယောက်နှင့်တစ်ယောက် ဘယ်လောက်ထိ အပေးအယူ မျှလဲ၊နားလည်မှုရှိလဲဆိုတာက ပိုပြီး အဓိကကျပါတယ်။


ဒါ့ကြောင့် ခြင်းလုံးကစားပွဲတစ်ခုကို ကြည့်မယ်ဆိုရင် လူ (၆) ယောက် ပါဝင်ပြီး ကစားသမားအားလုံးဟာ ထိုခြင်းလုံးကို မြေကြီးပေါ် ကျမသွားအောင် စုပေါင်းအားထုတ်ရတဲ့ အားကစားနည်းဖြစ်ပါတယ်။


📌 ဒါဆိုရင် ပြိုင်ဘက်ကင်းတဲ့ ကစားနည်းလို့ ပြောပြီး SEA Game လိုပွဲမျိုးမှာ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရတယ် မဟုတ်လား ဆိုတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ ဒီလို ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြိုင်အဆိုင်ကစားရတာ ဟုတ်ပါတယ်။


ဒါပေမယ့် ကိုယ့်အသင်းထဲက ကစားသမား (၆) ယောက်ဟာ မိမိတို့ဘာသာ ဝိုင်းဖွဲ့ပြီး ဘယ်အသင်းက အကြာဆုံး မြေမခဘဲ ခတ်နိုင်သလဲဆိုတာနဲ့ အနိုင်၊အရူံးဆုံးဖြတ်လေ့ ရှိပါတယ်။ ဒီလိုခတ်တဲ့နေရာမှာ မိမိတို့ရဲ့ ကျွမ်းကျင်မှုကို အကွက်အမျိုးမျိုးဖြင့် ပြသရပါသေးတယ်။


✅ အားကစားနှင့်မြန်မာ့အကကို တွဲစပ်ထားတဲ့ ကစားနည်း တစ်ခုဖြစ်တယ်။





မြန်မာ့ရိုးရာခြင်းလုံးဆိုတာ အဖွဲ့လိုက်ကစားရပြီး အားကစားနှင့်မြန်မာအကကို တွဲစပ်ထားတာ ဖြစ်ပါတယ်။


ကစားသမား အားလုံးက သူတို့ရဲ့ ခေါင်း၊နဖူး၊ ခြေထောက်၊ ခြေဖျား၊ဒူး အစရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့သာ ခြင်းလုံးကို ထိတွေ့ပြီး ကစားနေဟန်မှာ မြန်မာ့ရိုးရာ အကအလှကို ဖော်ကျူးနေသယောင် ရှုစားရမှာ ဖြစ်ပါတယ်။


✅ တေးဂီတနှင့် ပေါင်းစပ်ထားတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။





ခြင်းလုံးကစားနည်းက သာမာန်ကစားနည်းတွေလို မဟုတ်ဘဲ တေးဂီတတွေနဲ့ ပေါင်းစပ်ထားပါတယ်။


ခြင်းလုံးကစားကြသူတွေရဲ့ဘေးမှာ အတီး၊အမှုတ် ပါတတ်သလို တစ်ခါတစ်ရံ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီး တစ်ခုလုံးပါ တီးခတ်အားပေးကြတာလည်း ရှိပါတယ်။ အတီးအခတ်ကောင်းတဲ့ ဆိုင်းဆရာကလည်း ပွဲကိုပိုမို အသက်ဝင်စေကြောင်း စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။


📍 ရှေးကာလတည်းက မြန်မာ့ခြင်းလုံးကစားသမားများဟာ နိုင်ငံတကာ လှည့်လှည်ပြီး အလှပြကစားခြင်းများ ပြုလုပ်ခဲ့ပါတယ်။


📍 ဒါ့အပြင် SEA Games ကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံးလက်ခံကျင်းပခဲ့တဲ့ ၁၉၆၉ မှာ ခြင်းလုံးကစားနည်းကို ထည့်သွင်းခဲ့ပြီး


📍 နောက်ထပ်ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာတော့ မြန်မာ့ခြင်းလုံး ကစားသမားများဟာ ရွှေတံဆိပ် (၆)ခုတိတိ ဂုဏ်ယူစွာ ရယူနိုင်ခဲ့ပါတယ်။


ယခုလို အဖိုးတန်ပြီး အမျိုးသားအားကစားနည်းအဖြစ် သတ်မှတ်ခဲ့ကြတဲ့ “မြန်မာ့ရိုးရာခြင်းလုံး” ကို ကျွန်တော်တို့ တစ်ယောက်ချင်းစီကစ၍ တန်ဖိုးထားဖို့ လိုအပ်ပါတယ်။


အထက်မှာ ဖော်ပြခဲ့တာကတော့ “မြန်မာ့ရိုးရာခြင်းလုံး” အကြောင်း အနည်းငယ်သာ ဖြစ်ပါတယ်။




ယခုလို အဖိုးတန်ပြီး အမျိုးသားအားကစားနည်းအဖြစ် သတ်မှတ်ခဲ့ကြတဲ့ “မြန်မာ့ရိုးရာခြင်းလုံး” ကို ကျွန်တော်တို့ တစ်ယောက်ချင်းစီကစ၍ တန်ဖိုးထားဖို့ လိုအပ်ပါတယ်။


ဒါ့ကြောင့် သင်သိရှိထားတဲ့ ခြင်းလုံးအကြောင်း ဗဟုသုတတွေ ဖြစ်စေ၊ ခြင်းလုံးကစားခဲ့ဖူးတဲ့ အမှတ်တရတွေဖြစ်စေ Comment မှာ ဖော်ပြသွားနိုင်ပါတယ်။


ဒါမှ နောက်မျိုးဆက်ထိ ပပျောက်မသွားအောင် ကျွန်တော်တို့ လက်ဆင့်ကမ်းနိုင်မယ် မဟုတ်လား။



1,187 views0 comments

Recent Posts

See All
bottom of page