top of page

ပဋိပက္ခကိုနားလည်ခြင်း (Epi - 1)



ပဋိပက္ခကိုနားလည်ခြင်း


အပိုင်း(၁)


ပဋိပက္ခတွင်း ဇာတ်ကောင်များခွဲခြားသိရှိခြင်း


ပဋိပက္ခတွေကို နားလည်သိရှိမှုမရှိပဲ စနစ်တကျ ကိုင်တွယ်မဖြေရှင်းနိုင်ရင် ငြိမ်းချမ်းရေးဆိုတဲ့ အရာ ဖော်ဆောင်နိုင်ပါ့မလား။


လုံးဝဖော်ဆောင်နိုင်မှာမဟုတ်ပါ။


ဒါ့ကြောင့် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းကို အတတ်နိုင်ဆုံးပဋိပက္ခတွေ လျော့ချပြီး ငြိမ်းချမ်းတဲ့ လူ့အသိုက်အဝန်း တစ်ရပ်ဖော်ဆောင်နိုင်ဖို့ဆိုရင်

☑️ ပဋိပက္ခအတွင်း အဓိကဇာတ်ကောင်နဲ့

အရန်ဇာတ်ကောင်ခွဲခြားပုံများ

☑️ ပဋိပက္ခအဆင့်များ

☑️ ပဋိပက္ခကိုတုန့်ပြန်တဲ့နည်းလမ်းများ

☑️ ပဋိပက္ခမှ ကောင်းကျိုး၊ဆိုးကျိုးဖြစ်စေမှုများ စတာတွေကို မဖြစ်မနေ သိထားကြဖို့ လိုပါတယ်။


ကဲ …ဒါဆိုရင် ပဋိပက္ခကိုနားလည်ခြင်း အပိုင်း(၁)မှာတော့ စာဖတ်သူတို့ မိမိတို့ နေ့စဉ်ဘဝမှာ တွေ့မြင်နေကြ ပဋိပက္ခလေးကို ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ ပထမဦးဆုံးလုပ်ဆောင်ရမယ့်အဆင့်ဖြစ်တဲ့ ပဋိပက္ခအတွင်းမှ အဓိကဇာတ်ကောင်နဲ့ အရန်ဇာတ်ကောင်လေးတွေကို ခွဲခြားပြီး Comment box မှဖြေပေးသွားကြပါဦး။


ပဋိပက္ခမေးခွန်း- မိသားစုအတွင်းမှာ မိသားစုငါးယောက် အတူတူ စုပေါင်းနေထိုင်ကြပါတယ်။

အဖေဖြစ်သူနဲ့အမေဖြစ်သူက ကလေးကို ကျောင်းသွားကာ ပညာသင်ယူစေချင်ပါတယ်။

ဒါပေမယ့် ကလေးဖြစ်သူက ကျောင်းမတက်ချင်ဘူး။ကျောင်းထွက်ပြီး အိမ်မှာပဲ သမရိုးကျမဟုတ်တဲ့ နည်းလမ်းနဲ့ပညာသင်ချင်တယ်။

အဖိုးနဲ့အဖွားဖြစ်သူက နှစ်ဘက်လုံးရဲ့သဘောထားတွေကိုကောင်းစွာနားလည်ပြီး မိသားစုတွင်း ငြိမ်းချမ်းစေချင်တယ်။


ဒီပဋိပက္ခအတွင်းမှာ


❓ ဘယ်သူတွေ ပဋိပက္ခအတွင်း အဓိကဇာတ်ကောင်တွေလဲ။


❓ ဘယ်သူတွေက ပဋိပက္ခအတွင်း အရန်ဇာတ်ကောင်လဲ။


မိမိဖြေထားတဲ့အဖြေ မှန်လား ၊မမှန်လားဆိုတာရယ် ပဋိပက္ခအတွင်း ဇာတ်ကောင်တွေခွဲခြားသိခြင်းက ဘာကြောင့်အရေးပါလဲဆိုတာကိုတော့ Scool of Federalism and Peace Studies pageလေးမှာ မနက်ဖြန် လာရောက်စစ်ဆေးရင်း ဖတ်ရှုဖို့လည်း မမေ့ကြနဲ့ဦးနော်။





ပဋိပက္ခကိုနားလည်ခြင်း


အပိုင်း(၁)


ပဋိပက္ခခမေးခွန်းရဲ့ အဖြေ


ပဋိပက္ခအတွင်းဇာတ်ကောင်များခွဲခြားသိရှိခြင်း



ပဋိပက္ခတွေမှာ အဓိကဇာတ်ကောင်များနဲ့ အရန်ဇာတ်ကောင်များဆိုပြီး ပါဝင်ပတ်သတ်နေသူ နှစ်မျိုးရှိပါတယ်။အဆိုပါ ပါဝင်ပတ်သတ်နေတဲ့ ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်သဟဇာတမဖြစ်မှုများနှင့် ဇာတ်ကောင်အသီးသီးတို့ အကြား ဆက်ဆံရေးများပေါ်မူတည်ပြီး ပဋိပက္ခတွေ စတင်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။


ပဋိပက္ခများကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရန် ပထမဦးစွာ အထက်ပါ ဇာတ်ကောင် နှစ်မျိုးအား ခွဲခြားတတ်ဖို့ရန်အရေးကြီးပါတယ်။ဒါမှသာ နောက်ဆက်တွဲ ပြဿနာကိုတုန့်ပြန်တဲ့ နည်းလမ်းများကို မတူညီတဲ့ အခန်းကဏ္ဍများမှ အသုံးချကာ ချဉ်းကပ်အဖြေရှာနိုင်မှာဖြစ်ပါတယ်။


ဒီတော့ မနေ့ကဖော်ပြခဲ့တဲ့ ပဋိပက္ခမေးခွန်းလေးကို မိမိတို့ ခန့်မှန်းထားတဲ့ အဖြေနဲ့တိုက်စစ်ဖို့နဲ့ ပဋိပက္ခဇာတ်ကောင် ခွဲခြားပုံတွေကို အောက်ကပုံလေးတွေနဲ့စာလေးတွေမှာ အတူတူလေ့လာလိုက်ကြရအောင်။



Visual-1

ပဋိပက္ခအတွင်းရှိ ဇာတ်ကောင်တစ်ကောင်ဆိုတာ လူပုဂ္ဂိုလ်တစ်ဦးတည်းကိုဆိုလိုတာမဟုတ်ပါ။

သဘောထားမတိုက်ဆိုင်မှု (သို့မဟုတ်) ရည်မှန်းချက်သဟဇာတ မဖြစ်သော လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ- ရည်မှန်းချက်တစ်ခုတည်းအပေါ်မှာ အခြေခံ၍ စုစည်းထားကြသော လူမှုအစုအဖွဲ့များ၊ဘာသာရေးအစုအဖွဲ့များ၊ နောက်ခံဒေသတူညီတဲ့ အစုအဖွဲ့များ၊ဘုံရည်မှန်းချက်ရှိသော နိုင်ငံများဟာလည်းဇာတ်ကောင်တစ်ကောင်အဖြစ်ယူဆနိုင်ပါသေးတယ်။


Visual-2


ဇာတ်ကောင်ခွဲခြားတဲ့နည်းလမ်းလေးတွေနဲ့ ဇာတ်ကောင်တွေခွဲခြားခြင်းရဲ့ အရေးပါမှုတွေကို သိပြီးပြီဆိုတော့ မနေ့ကဖော်ပြခဲ့တဲ့ ပဋိပက္ခ နမူနာလေးရဲ့ အဖြေလေးတွေကို မှန်၊မမှန်စစ်ဆေးလိုက်ရအောင်။


မနေ့ကဖော်ပြခဲ့တဲ့ ပဋိပက္ခလေးမှာတော့ အဓိကဇာတ်ကောင်နှစ်ခုရှိပါတယ်။


ပထမဇာတ်ကောင်မှာတော့

အမေဖြစ်သူနဲ့ အဖေဖြစ်သူမိဘနှစ်ပါးဖြစ်ပါတယ်။


ဒုတိယဇာတ်ကောင်မှာတော့ ကလေးငယ်ပဲဖြစ်ပါတယ်။


မိဘဖြစ်သူနှစ်ဦးနဲ့ ကလေးငယ်ဟာ ပဋိပက္ခနှင့် တိုက်ရိုက်ဆက်နွယ်နေတဲ့ အဓိက ဆန့်ကျင်ဘက် (သို့မဟုတ်) ပြိုင်ဘက်ဖြစ်နေသူများဖြစ်တာကြောင့် အဓိကဇာတ်ကောင်များအဖြစ် သတ်မှတ်နိုင်ပါတယ်။


အဓိက ပြဿနာအရင်းခံမဟုတ်တဲ့ ပြိုင်ဘက်မရှိသော အခန်းကဏ္ဍမှ အဖိုးနဲ့အဖွားကိုတော့ အရန်ဇာတ်ကောင်များအဖြစ်သတ်မှတ်နိုင်ပါတယ်။


အထက်ဖော်ပြခဲ့တာတွေကတော့ ပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရန် ပထဦးစွာလုပ်ဆောင်ရမယ့် အဆင့်ဖြစ်တဲ့ ပဋိပက္ခအတွင်း ဇာတ်ကောင်ခွဲခြားတဲ့ လုပ်ငန်းစဉ်လေးကို ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။


နောက်နေ့မှာတော့ ပဋိပက္ခတွေ တည်ရှိဖြစ်ပေါ်နေကျ ဖြစ်တဲ့ ယေဘုယျ ပဋိပက္ခအဆင့်တွေ (သို့မဟုတ်) အလွှာတွေကို ဖော်ပြသွားမှာမို့ အားလုံးစောင့်မျှော် ဖတ်ရှုဖို့ မမေ့ကြနဲ့ဦးနော်။


181 views0 comments
  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page