သတိချပ်ရမယ့် ဖက်ဒရယ်စနစ်၏ အားသာချက်၊ အားနည်းချက်များ



ဖက်ဒရယ်စနစ်၏ အားသာချက်၊အားနည်းချက်များကို သတိချပ်ကာ အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းပြည်ပကတိအနေအထားနှင့်စပ်လျဉ်း၍ အစီအမံများချမှတ်ခြင်း


မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်းအမြစ်တွယ်နေသည့် လူမျိုးရေး၊ဘာသာရေး၊ကိုယ်ပိုင်စရိုက် လက္ခဏာများ အစရှိသည့်ခွဲခြားဖိနှိပ်မှုများ၊ တိုင်ပြည်အတွင်းရှိ နယ်မြေဒေသများအကြား အရင်းအမြစ်ရယူပိုင်ဆိုင်ခြင်း၊ဖွဲ့ဖြိုးတိုးတက်မှု နိမ့်ကျကွာဟခြင်းအစရှိသည်တို့ကို ကာကွယ်ရန်နည်းလမ်းအဖြစ်ယူဆကာဖယ်ဒရယ်စနစ်အကောင်ထည်ဖော်ရန်ကြိုးစားခဲ့သည်မှာ လွတ်လပ်ရေးမရမီ ၁၉၄၈ခုနှစ်မတိုင်ခင် အချိန်မှ ယနေ့နွေဦးတော်လှန်ရေးကာအထိ ဖြစ်ပါတယ်။


ဒါ့အပြင် အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရာ တွင်လည်း

တိုင်းရင်းသားလူနည်းစုများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် တန်းတူညီမျှရေးတို့ကို အာမခံချက်ပေးနိုင်သော ဖယ်ဒရယ်စနစ်အကောင်ထည်ဖော်ကျင့်သုံးရေးမှာလည်း နွေဦးတော်လှန်းရေးကာလတွင် ယခင်ကာလများထက် ကျယ်လောင်စွာကြားလာရပြီဖြစ်ပါသည်။


ဒါ့ကြောင့်အနာဂါတ်ဖယ်ဒရယ်နိုင်ငံတော် တည်ဆောက်ရာတွင် ပြီးပြည့်စုံသော တိုင်းပြည်တည်ဆောက်အုပ်ချုပ်ပုံ စနစ်တစ်ခု မရှိ ဟူသော အကြောင်းအရာအား သတိချပ်ကာ မိမိတို့တိုင်းပြည်၏ ပကတိအနေထားနှင့် သင်လျော်ထိရောက်မည့် အစီအမံများကိုချမှတ်နိုင်ရန် ဖယ်ဒရယ်စနစ်၏ အားသာချက် နှင့် အားနည်းချက်များကို ပတ်ဝန်းကျင်တိုင်းပြည်များ၏ သမိုင်းဖြစ်ရပ်သာဓကများနှင့် တင်ပြလိုက်ရပါတယ်။ဒါမှသာ အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် သမိုင်းတစ်လျှောက် ပတ်ဝန်းကျင် အခြားနိုင်ငံများ၏စနစ်ရဲ့ အားနည်းချက် နှင့် အကောင်အထည်ဖော်ပုံအလွဲအမှားတို့ကြောင့် ပဋိပက္ခဖြစ်ပွါးခဲ့ရသည့် သာဓကများကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။


ရှေးဦးစွာဖယ်ဒရယ်စနစ်ရဲ့ ယေဘုယအားသာချက်ဖြစ်နိုင်ချေများကိုဖော်ပြလိုပါတယ်။


(၁) ဖယ်ဒရယ်စနစ်သည်လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးခြင်းဖြင့် အကြွင်းမဲ့အာဏာလက်ဝယ်ထားရှိ၍ ဖိနှိပ်ခြင်းတို့ကိုကာကွယ်ပေးပါတယ်။


ဖယ်ဒရယ်စနစ်သည် ဖယ်ဒရယ်အဆင့်(သို့) အမျိုးသားအဆင့်တွင်လူနည်းစုဖြစ်သော နိုင်ငံရေးအုပ်စုများအား ပြည်နယ်အဆင့်တွင် ရွေးကောက်တင်မြှောက်ခံတာဝန်များအားထမ်းဆောင်စေပါတယ်။


ဖယ်ဒရယ်စနစ်သည် မည်သည့်အစိုးရအဆင့်မျှအကြွင်းမဲ့ အာဏာမရှိပဲ အမျိုးသားအဆင့်နှင့် အမျိုးသားအဆင့်အောက် အဖွဲ့အစည်းစနစ်များအကြား လုပ်ပိုင်ခွင့် အာဏာမျှဝေပေးကာ အာဏာများကိုချိန်ညှိပေးမှု့တို့အား အထောက်အကူပြုပါတယ်။


ဒါ့အပြင်ကြီးစိူးလွှမ်းမိုးသော ပါတီရှိသည့်နိုင်ငံများတွင်နိုင်ငံရေးအရ အားလုံးပါဝင်နိုင်မှုနှင့်လုပ်ပိုင်ခွင့်အာဏာများကိုချိန်ညှိမှုတို့ကိုအားပေးမြှင့်တင်ပေးပါတယ်။


(၂)ဖယ်ဒရယ်စနစ်သည် ပြည်သူလူထုအတွက်လက်တွေ့ကျထိရောက်သော မူဝါဒများဖော်ဆောင်ပေးနိုင်ပါတယ်။

တိုင်းဒေသကြီးပြည်နယ်များအား မိမိ တို့လိုအပ်ချက်အလျောက် သင့်လျော် ကိုက်ညီသည့်ထိရောက်သောမူဝါဒများချမှတ် ဖော်ထုတ်ရေးဆွဲခွင့်အာဏာအား ပြည်နယ်အစိုးရများကို ခွင့်ပြုထားပါတယ်။


(၃)ဖယ်ဒရယ်စနစ်သည်ပထဝီနယ်မြေများအကြား အရင်းအမြစ်ခွဲဝေမျှတစေပါတယ်။


ဖယ်ဒရယ်စနစ်သည် တိုင်းပြည်အတွင်းရှိသောနယ်မြေများအကြားသဘောတူညီထားသော အချိုးအစားဖြင့်ခွဲဝေပေးရန် အာမခံချက်ပေးသောဘဏ္ဍာငွေကြေး မျှဝေခြင်းအစီအမံနှင့် အခြားဘဏ္ဍာရေးအစီအမံများဖြင့် ပြည်သူလူထု၏ အရင်းမြစ်များကိုပိုမိုကျယ်ပြန့်စွာခွဲဝေပေးနိုင်သည့် အခွင့်အလမ်းများရှိပါတယ်။


(၄)ဖယ်ဒရယ်စနစ်သည် ဗဟိုအဆင့်အဏာပိုင်များ၏ လုပ်ပိုင်ခွင့်များကန့်သတ်၍ လုပ်ငန်းတာဝန် ဝန်ထုပ်ဝန်ပိုးလျော့ချစေပါတယ်။


ဗဟိုအစိုးရမှ အကန့်အသတ်မဲ့သော အာဏာကိုဆုပ်ကိုင်ထားခြင်းကို ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှတားဆီးကာ

တိုင်းပြည်၏ဗဟိူ မဟာဗျူဟာစိန်ခေါ်မှုများနှင့် အမျိုးသားအဆင့်ဆိုင်ရာ ဦးစားပေးတာဝန်များကိုသာလုပ်ဆောင်စေ၍ ၎င်း၏လုပ်ငန်းတာဝန် ဝန်ထုပ်ဝန်ပိုးများကိုလျော့ချစေပါတယ်။

ဤနည်းဖြင့် နိုင်ငံတော်ဗဟိုအစိုးရ၏ မူဝါဒများကိုပိုမိုအားကောင်စေကာ တစ်ဖက်တွင်လည်း ဒေသန္တရအစိုးရအား

ပြည်တွင်းအုပ်ချုပ်မှုနှင့်ဝန်ဆောင်မှုပေးခြင်းဆ်ိုင်ရာမူဝါဒများ ထိရောက်အားကောင်းစေပါတယ်။


(၅)ဖယ်ဒရယ်စနစ်သည် ဒီမိုကရေစီ အနှစ်သာရ အခြေခံစံတန်ဖိုးများကိုယှဉ်တွဲ တိုးတက်စေပါတယ်။


အများအားဖြင့် ဗဟိုချုပ်ကိုင်သောနိုင်ငံတွင် မြို့တော်ကြီးများ၌သာ နိုင်ငံရေးအရပါဝင်ခွင့်ရှိပြီး မြို့တော်မှဝေးရာ ဖွံ့ဖြိုးမှုနှေးသည့်ဒေသများမှ လူများသည် ရွေးကောက်ပွဲများနှင့် လူထုဆန္ဒခံယူပွဲများမှလွဲ၍ နိုင်ငံရေးဖြစ်စဉ်များထဲပါ၀င်ဆောင်ရွက်ရန် အခွင့်အလမ်း နည်းပါးပါသည်။ ဒါပေမယ့် ဖက်ဒရယ်နိုင်ငံတွင်မူ အများပြည်သူကဏ္ဍ၊ အစိုးရပိုင်းတွင် ပါ၀င်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကိုယ်ပိုင် အတွင်းရေးစီမံခန့်ခွဲပိုင်ခွင့်နှင့် အသိအမှတ်ပြုမှု ခံယူခွင့်တောင်းဆိုချက်များကို ဖြည့်ဆည်းခွင့်တ်ို့နှင့် အာမခံချက်ပေးထားပါတယ်။လူနည်းစုများကို အကာအကွယ်ပေးကာ ပဋိပက္ခမဖြစ်စေရန်တားဆီးခြင်းဖြင့် ဒီမိုကရေစီအင်စတီကျူးရှင်း စနစ်များ၏ တရားဝင်ဖြစ်မှုကိုတိုးတက်မြင့်မားစေပြီး ခွဲထွက်ရန်အားပေးမှုများကို လျော့နည်းကျဆင်းစေပါသည်။





တစ်ဖန်ဖယ်ဒရယ်စနစ်၏ ယေဘုယျအားနည်းချက်ခန့်မှန်းခြေများကို တိုင်းပြည်၏ပကတိအနေအထားနောက်ခံတို့နှင့် စပ်လျဉ်း၍ အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ကြိုတင်ကာကွယ်ရမည့် အစီအမံများချမှတ်နိုင်ရန်အတွက်လည်းဖော်ပြလိုက်ရပါတယ်။


(၁)ဖယ်ဒရယ်စနစ်သည် တိုင်းပြည်ပကတိအနေအထားနှင့် ကိုက်ညီသောအစီအမံများမချမှတ်နိုင်ပါကပြည်ထောင်စုနယ်မြေတစ်ခုနှင့်တစ်ခုအကြား အရင်းအမြစ်ခွဲဝေရယူမှု ၊ချမ်းသာကြွယ်ဝမှုဆိုင်ရာကွာဟချက်ကြီးမားစေပါတယ်။


ဖယ်ဒရယ်စနစ်ကျင့်သုံးသောတိုင်းပြည်တစ်ခုဖြစ်သော်ငြားလည်း ဘဏ္ဍာငွေကြေးခွဲဝေခြင်း၊အရင်းမြစ်ဆိုင်ရာခွဲဝေခြင်းတို့အား ထိရောက်သောအစီအမံချမှတ်ခြင်းမရှိပါက ဖယ်ဒရယ်စနစ်တွင်လည်း တိုင်းဒေသကြီး/ပြည်နယ်များအကြားတွင် အရင်းအမြစ်/ဘဏ္ဍာရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကြီး ဖြစ်စေနိုင်ပါတယ်။ (ထိုကဲ့သိူ့ဖြစ်တန်​ချေများကိုကာကွယ်ရန် ပိုမိုချမ်းသာကြွယ်ဝသော ပြည်နယ်များမှ ပိုမိုဆင်းရဲသောပြည်နယ်များသိူ့ ထောက်ပံ့ရန် အစီအမံ့များ ချမှတ်ခြင်းတို့ပြုလုပ်ထားရန်လိုအပ်ပါတယ်)


(၂)ဖက်ဒရယ်စနစ်တွင်လည်းတိုင်းပြည်၏ တည်ငြိမ်မှုနှင့် ဒီမိုကရေစီကိုထိခိုက်လာနိုင်သည့် ခြိမ်းခြောက်မှုများ အခန့်မသင့်လျှင်ရှိနိုင်ပါသေးတယ်။


ဖက်ဒရယ်စနစ်တွင် လုပ်ပိုင်ခွင့် အာဏာတည်ရှိရာ ဗဟိုနေရာအများရှိခြင်းကြောင့် မတည်ငြိမ်မှုများဖြစ်လာနိုင်ပါသည်။ ဒါ့အပြင်ဒီမိုကရေစီအင်စတီကျူးရှင်းများ မခိုင်မာပါက ပဋိပက္ခ ဖြစ်ပွားလာနိုင်သည့် အန္တရာယ်လည်းရှိပါသည်။ တစ်ဖန်ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းဖြင့် ကိုယ်တိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှု များကို ဖြည့်စည်းပေးကာ ခွဲထွက်လိုသော ဆန္ဒလျော့နည်းကျဆင်းနိုင်သော်လည်း ခွဲထွက်ရေး တောင်းဆိုမှုများပြုလုပ် ရန် အဖွဲ့အစည်းများ ရရှိသွားခြင်းလည်း ဖြစ်နိုင်ပါသည်။ နောက်ဆက်တွဲအနေနဲ့ ယင်းတောင်းဆိုမှုများအတိုင်း ထပ်မံ၍ လုပ်ပိုင်ခွင့်အာဏာများ လွှဲပြောင်းမပေးပါက မတည်ငြိမ်မှု၊ အကြမ်းဖက်ခွဲထွက်မှုတို့ ဖြစ်လာနိုင်ပါသည်။ သို့မဟုတ် ခွဲထွက်ရန် လုပ်ဆောင်မှု များကိုနှိမ်နင်းရန် ဒီမိုကရေစီနည်းမကျသော အစီအမံများ ကျင့်သုံးလာကာ စီမံအုပ်ချုပ်မှုအလွဲအမှားများကြောင့်လည်း တိုင်းပြည်တည်ငြိမ်မှုနှင့် ဒီမိုကရေစီကို ထိခိုက်လာနိင်သည်ကိုလည်းသတိပြုရမှာဖြစ်ပါတယ်။


(၃)ဖက်ဒရယ်စနစ်တွင် အချုပ်အခြာအာဏာခက်မသုံးဖြာ မှတရားစီရင်ရေးသည် နိုင်ငံရေးတွင် အားကြီးစွာပါဝင်လာစေပါတယ်။


အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် အဖွဲ့အစည်းများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေမှပြဌာန်းထားသော လုပ်ပိုင်ခွင့်များဆိုင်ရာ အငြင်းပွားမှုများကို ရွေးကောက်တင်မြှောက်ခံလွှတ်တော်များတွင် မဖြေရှင်းဘဲ တရားရုံးများတွင် ဖြေရှင်းကြရာမှ တရားစီရင်ရေးကဏ္ဍ၏ နိုင်ငံရေး အခန်းကဏ္ဍ တိုးမြင့်လာနိုင်ပါသည်။ဒီအခြေအနေများမှာ တရားစီရင်ရေးဏ္ဍ၏ သီးခြားလွတ်လပ်မှုဆိုင်ရာ တည်ရှိမှုတို့ကို ဟန်ချက်ညီစေရန်ထိန်းကျောင်းရမှာဖြစ်ပါတယ်။



(၄) ဖယ်ဒရယ်စနစ်တွင်လည်း တိုင်းပြည်ပကတိအနေအထားနှင့်သင့်တင့်လျောက်ပတ်သော အစီအမံများမထားရှိပါက လူနည်းစုများ ဖယ်ကျဉ်ဖိနှိပ်ခံရနိုင်ပါတယ်။



ဖယ်ဒရယ်စနစ်သည် နောက်ခံယဉ်ကျေးမှုစုံလင်ကွဲပြားသော လူနည်းစုများအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် အသိအမှတ်ပြုမှုရရှိရန် အခွင့်အလမ်းများ ဖြည့်ဆည်းပေးနိုင်သည်မှာမှန်ပါသည်။သို့သော် တိုင်းဒေသ ကြီး/ ပြည်နယ်များကို တိုင်းရင်းသား၊ ဘာသာစကား၊ ယဉ်ကျေးမှု သို့မဟုတ် ယုံကြည်ကိုးကွယ်မှုအလိုက် တည် ထောင်ထားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း၌ မတူညီသော လူနည်းစုအုပ်စုများ ပါ၀င်နေပါက ယင်း လူနည်းစုများသည် ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းခံရနိုင်ပါသည်။ (ထိုအခြေအနေဖြစ်ရပ်မျိုးမှကာကွယ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှ နယ်မြေဒေသအလိုက် စုဝေးနေထိုင်ကြသောလူနည်းစုများကို အကာအကွယ်ပေးလျက် ဥပဒအရကာကွယ် စောင့်ရှောက်မှုကိုတူညီစွာ ဖြည့်ဆည်းပေးနိုင်သော အစီအမံများထားရှိရန်လိုအပ်ပါတယ်)



ကမ္ဘာ့သမိုင်းတစ်လျှောက် ပတ်ဝန်းကျင်နိုင်ငံများ၏ဖြစ်ရပ်များကို ယေဘုယသုံးသပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံကဲ့သို ရှည်လျားသည့်ပဋိပက္ခသမိုင်းကြောင်းရှိသော်လည်း တိုင်းပြည်ပကတိအနေအထားနှင့် အကိုက်ညီဆုံးသော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ရှုပ်ထွေးလှသည့် လူမျိုးရေး ၊ဘာသာရေး၊ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ ပဋိပက္ခများကို ထိရောက်စွာဖြေရှင်းနိုင်ခဲ့သည့် သာဓကများအနေဖြင့် အိန္ဒိယ၊ တောင်အာဖရိက၊ နီပေါ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် အခြားသော နိုင်ငံများ၏ သမိုင်းနောက်ခံဖြစ်ရပ်များအား သာဓကကောင်းများအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။


အချို့နိုင်ငံများတွင် ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းကြောင့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရန် အထောက်အကူ ဖြစ်ခဲ့သော်လည်း ဖက်ဒရယ်စနစ် သည် စီမံဆောင်ရွက်ပုံအလွဲအမှားအားနည်းချက်တို့ကြောင့် ယခင်ရှိရင်း ကွဲပြားခြားနားမှုများကို ပိုမိုဆိုးဝါးလာစေပြီး တစ်ခါတစ်ရံ ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေခြင်း မှ နိုင်ငံတော်ယန္တရားပျက်ပြားခြင်းများကိုလည်း ဖြစ်စေနိုင် ပါသည်။


ယခင်ယူဂိုစလားဗီးယား၊ ဆိုဗီယက်ပြည်ထောင်စု၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အစရှိသော နိုင်ငံများကဲ့သို့ ဖက်ဒရယ်စနစ်မအောင်မြင်ခဲ့သော ဖက်ဒရေးရှင်းဖြစ်စဉ်သာဓကများရှိပေသည်။ ဖြစ်ပွါးခဲ့သည့်သမိုင်းအခြေနေများအရ အီသီယိုးပီးယားလူမျိုးစုများစွာပါဝင်သော ဖယ်ဒရယ်စနစ်ကို ထူထောင်ခဲ့ပေမယ့် အဓိကပါတီတစ်ခုမှ ဩဇာလွှမ်းမိူးခဲ့သည့်ဥပမာတစ်ရပ်ရှိခဲ့သည်။ Pakistan တွင်နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် လူနည်းစုများအကာအကွယ်ပေးနိုင်ခြင်းမရှိ ဖယ်ဒရယ်စနစ်မတည်ငြိမ်မှုနှင့် စစ်အာဏာရှင်အုပ်ချုပ်မှုဖြစ်ပေါ်စေခဲ့သည်သာဓကများစွာလည်းရှိပေသည်။ အလားတူ အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသတွင် ပါတီတစ်ခုလွှမ်းမိူးနေသောကြောင့် ကာ့ဒ်နဲ့အာရပ်များ အကြား တင်းမာမှုများ ၊ပဋိပက္ခများပိုမိုမြင့်မားစေခဲ့သည့် သာဓကများလည်းရှိသည်။ ဒါပေမယ့်အဆိုပါနိုင်ငံများတွင် သင့်လျော်ထိရောက်ကောင်းမွန်သော ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမရှိခြင်း နှင့် လူများစုအူပ်စုမှလွှမ်းမိုးရန် အားထုတ်မှုတာဆီးသည့် အစီအမံကောင်းများမရှိသည့်အတွက် ပဋိပက္ခများပိုမိုဆ်ိုးသွားသည်ကိုသတိချပ်စေလိုပါတယ်။


ဒါ့ကြောင့်ဖယ်ဒရယ်စနစ်သည် အသိအမှတ်ပြုခြင်းဆိုင်ရာနိုင်ငံရေး သို့မဟူတ် ကိုယ်ပိုင်လက္ခဏာကိုအခြေခံသော နိုင်ငံရေးမြင့်တက်လာမှုကိုကိုင်တွယ်ရာတွင် ထိရောက်သည့်အလျောက်

မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုံလင်သည့်၊ ဝိသေသလက္ခဏာများအရများပြားသည့် လူ့အဖွဲ့အစည်းကို ကိုင်တွယ်ထိန်းကျောင်းရန် တစ်ခုတည်းသောအဖြေမှာလည်း ဖယ်ဒရယ်စနစ်ကိုကျင့်သုံးခြင်းပဲဖြစ်ပါတယ်။

ဒါပေမယ့်အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် စနစ်၏အဓိက အနှစ်သာရဖြစ်သောစုံလင်ကွဲပြားမှု ကြားမှစည်းလုံးမှုကိုတည်ဆောက်ခြင်း၊ ညီညွတ်မှုကိုဖော်ဆောင်ရာတွင်ဖက်ဒရယ်စနစ်၏ အားသာချက်များနှင့်အားနည်းချက်များကို ထည့်သွင်းစဉ်းစားဖို့ရန်လိုအပ်ပါတယ်။ ထိုမှတစ်ဆင့် အားသာချက်များအများပြားဆုံးဖြစ်စေပြီး အားနည်းချက်များ အနည်းဆုံးဖြစ်စေမည့် တိုင်းပြည်ပကတိအနေအထားများနှင့် သင့်လျော်ကိုက်ညီမည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်လာစေရေးအား ရည်မှန်းလျက် သမိုင်းနောက်ခံဖြစ်ရပ်သာဓကများမှ အမှားများ မပြုလုပ်မိစေရန် ကောင်းမွန်သောအစီအမံများဖြင့် အနာဂါတ်ဖယ်ဒရယ်ပြည်ထောင်စုကို အတူတူလက်တွဲကာတည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။


#SpringUniversityMM

#SUM


8 views0 comments

Recent Posts

See All