နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တပ်မတော်ခေတ်အလွန် မြန်မာနိုင်ငံအတွက် ကြိုတင်ပြင်ထားရန်လိုအပ်နေ


The International Community Needs to Prepare for a Post-Tatmadaw Myanmar

••••••••••••••••••••••••••

အန်းဒါးစ် ကာ့ရှ်တိုင်း မဲလား (အိုင်အက်စ်အီးအေအက်စ် - ယူဆွတ်အီရှက် အင်စတီကျု၊ စင်္ကာပူ - ဂျွန်လ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်)







• အဓိက အကြောင်းအချက်များ •

• မြန်မာ့တပ်မတော်သည် နှစ်ခြောက်ဆယ်ကျော်အတွင်း အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်နေရပြီး၊ အာဏာကို ဆုပ်ကိုင်ထားနိုင်မှုမှ လက်လွှတ်ဆုံးရှုံးသွားရနိုင်ခြေသည် နည်းပါးရာမှ တိုးမြင့်လာလျက် ရှိနေသည်။ 

• တပ်မတော်၏ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ ခန့်မှာ ကျဲပါးစွာ ဖြန့်ကျက်ချထားလျက် ရှိနေပြီး၊ ကျယ်ပြန့်စွာ ခင်းကျင်းထားသည့် လက်နက်ကိုင် တော်လှန်ရေးအုပ်စုများနှင့် ရင်ဆိုင်နေရကာ၊ မိမိတို့ ရင်းနှီးကျွမ်းဝင်မှု မရှိသည့် အဖွဲ့လိုက် တသီးတခြားစီရှိနေသည့် စစ်ဆင်ရေးကို ဆင်နွှဲနေရသည်။ တပ်မတော်သည် အဓိကမြို့ပြ ဗဟိုနေရာများကို ချုပ်ထိန်းထားသော်လည်း၊ မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင် အာဏာကို စုစည်းနိုင်စွမ်း မရှိပေ။

• လက်ရှိအာဏာချိန်ခွင်လျှာသည် အကြောင်းအမျိုးမျိုး‌ကြောင့် အထက်နှင့်အောက် ပြောင်းလဲသွားနိုင်သည်၊ ယင်းအကြောင်းများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (အီးအေအို) များနှင့် အဓိက စစ်မျက်နှာသစ် ဖွင့်လှစ်ခြင်း၊ အသစ်ဖွဲ့စည်းထားသည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ၏ နည်းဗျူဟာပိုင်းဆိုင်ရာ စွမ်းရည်များ ပိုမိုကောင်းမွန်လာခြင်းနှင့် အဆင့်မြင့် အရာရှိများ၏ ဘက်ပြောင်းလာမှုများ စသည်တို့ ပါဝင်ကြသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (အန်ယူစီစီ) က ဆက်လက်လျှောက်လှမ်းနေသည့် လုပ်ငန်းစဉ်သည်၊ တပ်မတော်အတွက် စိုးရိမ်စရာ အင်အားကောင်းသည့် နိုင်ငံရေးနှင့် စစ်ရေး မဟာမိတ်ဖွဲ့မှုသို့ ဦးတည်သွားနိုင်သည်။

• မြင့်တက်ဆိုးရွားလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း သို့မဟုတ် ကျရှုံးသည့်နိုင်ငံ ဖြစ်လာမည့် အခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်၊ အနည်းဆုံး စစ်တပ်သည် နိုင်ငံရေးအရ လွှမ်းမိုးထားနိုင်သည့် အင်အားစု မဟုတ်တော့သည့် လက်ရှိအခင်းအကျင်းအရ၊ “တပ်မတော်အလွန်ခေတ်” မြန်မာနိုင်ငံအတွက် ကြိုတင်အားထုတ် လုပ်ဆောင်မှုဖြင့် စောစီးစွာ စတင်ပြင်ဆင် ထားသင့်ကြသည်။ ဤလုပ်ဆောင်မှုများအတွင်း ပိုမိုနက်ရှိုင်းသည့် ထိတွေ့မှုနှင့်အတူ၊ မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများ၏ စွမ်းရည်မြှင့်တင်ရေး ထောက်ကူပံ့ပိုးပေးမှု၊ ဖက်ဒရယ် ပဋိဉာဉ်သစ်ကို ထောက်ခံအားပေးသည့် ပိုမိုအားကောင်းသော သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထူထောင်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးအပ်ခြင်းတို့ ပါဝင်သည်။

• နိဒါန်း •

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်တပ် သို့မဟုတ် တပ်မတော်က ဖြုတ်ချခဲ့ပြီးနောက်၊ အကြမ်းမဖက် လှုပ်ရှားမှုဖြင့် စတင်ခဲ့သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုအုံကြွမှုအား ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့မှုများကြောင့် တိုင်းပြည်ကို ထောင့်ပေါင်းစုံတွင် ရှုပ်ထွေးပွေလီသည့် ပြည်တွင်းစစ်ဆီသို့ တွန်းပို့ရောက်ရှိ လာစေခဲ့သည်။ ယခုအခါ တပ်မတော်သည်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ကဲ့သို့သော အစဉ်အလာအရ ရှိခဲ့သည့် ရန်ဘက်အင်အားစုများအပြင်၊ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့သည့် ရာနှင့်ချီသော ဒေသဆိုင်ရာ ကာကွယ်ရေး တပ်ဖွဲ့ (အယ်လ်ဒီအက်ဖ်) များနှင့် မြို့ပြပြောက်ကျား အစုငယ်များနှင့် ရင်ဆိုင်နေရသည်။ အချို့သော အပြင်းထန်ဆုံး တိုက်ပွဲများမှာ ကာလရှည်ကြာ ငြိမ်သက်နေခဲ့သည့် ဗမာလူမျိုးစု၏ နှလုံးသည်းပွတ်ဒေသများ ဖြစ်ကြသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် အနောက်ဘက်ရှိ ချင်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည်။ 

၂၁ ရာစု၏ အားကောင်းပြီး စည်းလုံးညီညွတ်သည့် စစ်တပ်တစ်တပ်အဖြစ် မိမိကိုယ်တိုင် ရှိနေလိုသည့်ပုံစံနှင့် ကွဲပြားစွာပင်၊ တပ်မတော်သည် အနည်းဆုံး နှစ်ခြောက်ဆယ် ကာလအတွင်း ၎င်း၏ အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး၊ ဆိုးရွားလှသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့်ပင်၊ စစ်အုပ်စုက ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နေ့တွင် ဖွဲ့စည်းထားခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက သို့မဟုတ် အက်စ်အေစီ) ၏ အာဏာကို တစ်နည်းမဟုတ် တစ်နည်း ဆုပ်ကိုင်ထားနိုင်မှုမှ လက်လွှတ်ဆုံးရှုံး သွားရနိုင်ခြေသည် နည်းပါးရာမှ တိုးမြင့်လာလျက် ရှိနေသည်။ အာဏာလေဟာနယ် ဖြစ်လာမှုကို ရှောင်ရှားနိုင်ရန်အတွက်၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဤဖြစ်လာနိုင်ခြေကို အလေးအနက် သတိပြုသင့်ပြီး၊ သင့်လျော်သည့် စီစဉ်မှုများကို ဆောင်ရွက်ထားကြရလိမ့်မည် ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ (အန်ယူဂျီ) အား စစ်ရေးအရ အကူအညီပေးကြရန် နေရာအချို့မှ တောင်းဆိုလာမှုများကို လျစ်လျူရှုလျက် ရှိနေကြသည့်တိုင်၊ အန်ယူဂျီနှင့် အခြား ဒီမိုကရေစီ အင်အားစုများအား ထိတွေ့ဆက်ဆံမှုပေးရန် ကျယ်ပြန့်သည့် အခွင့်အလမ်းများ ရှိနေကြသည်။ စီးပွားရေး အကူအညီနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု ပေးအပ်ခြင်းတို့သည် ဖြစ်နိုင်သည့် ထိတွေ့ဆက်ဆံမှုပုံစံ နှစ်မျိုးဖြစ်ပြီး ယင်းတို့ နှစ်ခုစလုံးက၊ စစ်အာဏာရှင်အုပ်စု ပြိုလဲသွားခဲ့လျင် ကျရှုံးသည့်နိုင်ငံ ဖြစ်လာနိုင်သည့် အခြေအနေကို သိသိသာသာ လျှော့ချပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများ၏ လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ချဲ့ကားဖော်ပြရန်မှာ ခက်ခဲလျက် ရှိနေသည်။ လူထုအား ဒူးထောက်အညံ့ခံလာစေရန်အတွက် အကြမ်းဖက်ခြိမ်းခြောက်မှုဖြင့် ကြိုးပမ်းရာတွင်၊ အက်စ်အေစီ စစ်အုပ်စုက မြေလှန်မီးရှို့သည့် နည်းပရိယာယ်များနှင့် အရပ်သား လူထုများအား လေကြောင်းမှ တိုက်ခိုက်မှုများကို အသုံးပြုလျက်ရှိသည်။ တစ်ချိန်တည်းမှာတွင်၊ အာဏာသိမ်းမှုကြောင့် ဖြစ်လာရသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းက ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများနှင့် ပေါင်းစပ်လျက်၊ နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့ရာတွင်၊ ကျေးလက်ဒေသ အသိုင်းအဝိုင်းများအနေဖြင့် ပေါင်းရုံးခံစားရမှုများစွာကို အကြီးအကျယ် ရင်ဆိုင်နေကြရသည်။ ထို့အပြင်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာရသူ လူဦးရေမှာ နှစ်ဆကျော်တက်လာခဲ့ပြီး၊ ၈၀၀,၀၀၀ အထိ ရှိလာခဲ့သည်။ သို့ရာတွင်၊ ဘာတီးလ်လင့်တ်နာ ကဲ့သို့သော ဝါရင့်မြန်မာ့အရေး စောင့်ကြည့်နေသူများက၊ စစ်အုပ်စု၏ နည်းပရိယာယ်များက တော်လှန်ရေးအဖွဲ့များ၏ စိတ်ပိုင်းဖြတ်မှုကိုသာ ခိုင်မာလာစေလိမ့်မည်ဟု မှန်းဆထားကြသည်။

ပြင်ပရှုထောင့်မှကြည့်လျှင်၊ မြန်မာနိုင်ငံ၏ ပဋိပက္ခသည် အက်စ်အေစီအတွက် အရှုံးမရှိနိုင်သည့် အမှည့်ချွေစစ်ပွဲ တစ်ခုကဲ့သို့ မြင်တွေ့နေရသည်။ တပ်မတော်သည် ၁၉၅၀ ခုနှစ်များကတည်းက မြန်မာနိုင်ငံတွင် ပြိုင်ဘက်ကင်းသည့် နိုင်ငံရေးအင်အားစု ဖြစ်နေခဲ့ပြီး၊ လူအင်အား ၃၅၀,၀၀၀ အထိဖြင့် ၎င်း၏ရပ်တည်မှုအတွက် ရည်ရွယ်ဖန်တီးထားသည့် ကြီးမားလှသော အဖွဲ့အစည်းဆိုင်ရာ တည်ရှိမှုတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းသည် သယံဇာတ အရင်းအမြစ်များအား ရောင်းချခြင်းမှ ရရှိလာသည့် အစိုးရဘဏ္ဍာငွေများနှင့် နိုင်ငံခြားငွေရရှိမှုများကို ရယူသုံးစွဲနိုင်သည့်အပြင်၊ ကျယ်ပြန့်များပြားလှသည့် စီးပွားရေး လုပ်ငန်းကြီးများနှင့် နီးစပ်သူများဖြင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများစွာကိုလည်း ထိန်းချုပ်ထားသည်။ မိမိစိတ်ကြိုက် သုံးစွဲနိုင်သည့် ထိုကဲ့သို့သော အရင်းအမြစ်များ ရှိနေသည်ကို ကြည့်လျင်၊ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကို ဖြတ်သန်းကျော်လွှားနိုင်ခဲ့သည့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုအား၊ ကြုံသလို စုဖွဲ့ထားသည့် လက်နက်ကိုင် တော်လှန်ရေးသမားများ၏ မဟာမိတ်အဖွဲ့အနေဖြင့် မည်ကဲ့သို့ ဖြိုချဖယ်ရှား ပစ်နိုင်မည်ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲနိုင်သည်။

သို့ရာတွင်၊ ဤအပေါ်ယံ အချက်အလက်များနှင့် မြေပြင်ရှိ ရှုပ်ထွေးသည့် အမှန်တရားတို့အကြား၊ အထင်နှင့်အမြင်လွဲမှား  ကွဲပြားခြားနားစွာ ဖြစ်ပွားလျက် ရှိနေသည်။ တပ်မတော်တွင် ထောက်ပံ့မှုနှင့် နေရာချထားမှု အဆင့်အမျိုးမျိုးဖြင့်၊ တိုက်ပွဲဝင်ရန် အသင့်ရှိသည့် တပ်ဖွဲ့ဝင်အရေအတွက်မှာ ၁၀၀,၀၀၀ အောက် လျော့နည်း၍သာ ရှိနေနိုင်သည်။ အဆိုပါတပ်ဖွဲ့ဝင်များမှာ နိုင်ငံတဝှမ်းတွင် ကျယ်ပြန့်စွာ ခင်းကျင်းထားသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အများအပြားကို၊ အထူးသဖြင့် နိုင်ငံ၏ မြောက်ပိုင်း၊ အနောက်မြောက်နှင့် အရှေ့ဘက်ပိုင်းရှိ စစ်မျက်နှာကြီးများတွင် တိုက်ခိုက်နေကြရသောကြောင့် ကျဲပါးစွာဖြန့်ကျက် နေရာယူကာ အင်အားနည်းပါးလျက် ရှိနေကြပြီ ဖြစ်သည်။ ထိုရန်ဘက် အင်အားစုများအကြားတွင်၊ ကေအိုင်အေနှင့် တီအန်အယ်လ်အေ အပါအဝင် မတူညီသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (အီးအေအို) ၂၀ ခန့် ပါဝင်ကြသည်။ အီးအေအိုများက အယ်လ်ဒီအက်ဖ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိနေကြသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုဖြင့်၊ တပ်မတော်အား ယခင်မည်သည့်အခါကမျှ မကြုံတွေ့ခဲ့ဘူးသည့် အဖွဲ့လိုက် တသီးတခြားစီရှိနေသည့် စစ်ဆင်ရေးပုံစံဖြင့် ဝိုင်းပတ်ထားလျက် ရှိနေကြပြီး၊ အန်ယူဂျီက ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ စစ်အုပ်စု၏ စစ်သည်များ ထောင်နှင့်ချီလျက် ကျဆုံးခဲ့ရပြီး၊ ၂,၀၀၀ ကျော်မှာ ဘက်ပြောင်းသွားခဲ့ကြသည်။ ထို့အပြင်၊ အချက်အလက်ခိုင်မာမှုမရှိသည့် အထောက်အထားများအရ၊ ဒေသဆိုင်ရာ တပ်ရင်းမှူးများက မိမိတို့၏ စစ်ပမ်းနေသည့် တပ်ဖွဲ့ဝင်များကို ထောက်ပံ့နိုင်ရန် အယ်လ်ဒီအက်ဖ်များနှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ လုပ်ဆောင်ခြင်းနှင့်၊ မိမိတပ်ဖွဲ့များအား ပြန်လည်ဖြည့်တင်းရန် (နှင့် ရှေ့တန်းတပ်မှူးများအား မကြာခဏ အပြောင်းအလဲ ပြုလုပ်နိုင်ရန်) အရူးအမူး အစီအစဥ်များအတွက် ညှိနှိုင်းနေကြရမှုများက၊ မိမိ၏ ရန်ဘက်များအား တားဆီးနိုင်စွမ်းရှိမှုအပေါ် တပ်မတော်က စိုးရိမ်မှုရှိနေကြောင်း ဖော်ပြနေကြသည်။

ထို့ကြောင့် တပ်မတော်၏ အာဏာကို ဆုပ်ကိုင်ထားနိုင်မှုမှာ တိုး၍သာ ပျက်လွယ်စီးလွယ် ဖြစ်လာလျက် ရှိနေသည်။ အနောက်နိုင်ငံများက ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများက စစ်အုပ်စုထံ ငွေများ သို့မဟုတ် လက်နက်များ စီးဆင်းမှုကို သိသိသာသာ ရပ်တန့်သွားစေခြင်း မရှိဘဲ၊ များသောအားဖြင့် မြို့ပြဗဟိုနေရာများအား ချုပ်ကိုင်မှုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သို့ရာတွင်၊ စစ်အုပ်စုထံမှ ဒေသန္တရအုပ်ချုပ်ရေးကို အယ်လ်ဒီအက်ဖ်နှင့် ပီဒီအက်ဖ်များက အားကောင်းစွာ ယှဥ်ပြိုင်ရယူနေကြသည့် မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင်မူ၊ တပ်မတော်က အာဏာကို စုစည်းတည်ဆောက်နိုင်ခြင်း မရှိပေ။ ထုတ်ပြန်ခြင်း မပြုရသေးသည့် မူဝါဒစာတမ်း တစ်ခုအရ - စုစု‌ပေါင်း မြို့နယ် ၃၃၀ ၏ ထက်ဝက်ကျော်ဖြစ်သည့် – မြို့နယ် ၂၀၀ တွင်၊ မတူညီသည့် အတိုင်းအတာများဖြင့် အစားထိုး အုပ်ချုပ်မှုပုံစံများကို စတင်အကောင်အထည်ဖော် စမ်းသပ်နေကြပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း အလားတူပင် ရှုပ်ထွေးနေသည့် အခြေအနေကို အသုံးချကာ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေကို ချဲ့ထွင်ရန် လုပ်ဆောင်လျက် ရှိနေကြပြီး၊ ယင်းအချက်များအားလုံးက တပ်မတော်က စီစဥ်ထားသည့် အင်အားနှင့် ထိန်းချုပ်မှု မြင်ကွင်းပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဤအတောအတွင်း၊ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့က ထုတ်ဝေသည့် အစီရင်ခံစာတစ်ခုအရ၊ နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် “အရွယ်အစား၊ စွမ်းဆောင်ရည်နှင့် ပေါင်းစပ်ညှိနှိုင်းမှုများကို ဆက်လက်ချဲ့ထွင်လျက် ရှိနေကြကာ၊ စစ်တပ်၏ အင်အားစုများကို သိသာစွာ ထိခိုက်စေလျက် ရှိသည်” ဟု တွေ့ရှိရသည်။ သိသာထင်ရှားသည့် အချက်မှာ၊ နိုင်ငံတကာအသိုက်အဝန်း၏ စိတ်နှစ်ခွဖြစ်နေသည့် သံတမန်ရေး ချဉ်းကပ်မှုအောက်တွင်၊ ယခုအချိန်အထိ အက်စ်အေစီအား မည်သည့်အဓိက အင်အားကြီးနိုင်ငံကမှ တရားဝင် အသိအမှတ်ပြုခြင်း မရှိကြသေးပေ။ အကယ်၍ ဤသည်မှာ အမှည့်ချွေစစ်ပွဲ ဖြစ်နေခဲ့လျင်၊ တပ်မတော်သည် အနိုင်ရအောင် မလုပ်ဆောင်နိုင်ခြင်းကြောင့် ရှုံးနေရခြင်းသာ ဖြစ်သည်။

• သိထားပြီးသား အန္တရာယ်ရှိမှုများ •

မြန်မာနိုင်ငံ၏ ပဋိပက္ခက ရှုပ်ထွေးနေရသည်မှာ၊ အနည်းဆုံး တိုင်းရင်းသားလူမျိုးများ၏ ရှည်လျားသည့် နစ်နာမှု သမိုင်းကြောင်းကြောင့် မဟုတ်ဘဲ၊ ထိုထက်စော၍ ခေတ်သစ်တပ်မတော်ကို ဒုတိယကမ္ဘာစစ်အတွင်းက ဖွဲ့စည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ တပ်မတော်ကို တိုက်ခိုက်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ထက်မနည်း ရှိသည့်အနက်၊ အနည်းဆုံး ငါးဖွဲ့တွင် တိုက်ပွဲဝင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ရှိနေသည်။ အခြားသော လက်နက်ကိုင် အဖွဲ့များတွင် မကြာသေးမီက ဖွဲ့စည်းထားသည့် ပျူစောထီးပြည်သူ့စစ် အဖွဲ့များနှင့်၊ ယခင်က ရှိနေပြီးသား နယ်ခြားစောင့်တပ်ဖွဲ့ ဒါဇင်များစွာတို့ ပါဝင်နေပြီး၊ ၎င်းတို့အားလုံးမှာ တပ်မတော်၏ ကျောထောက်နောက်ခံပေးမှု သို့မဟုတ် သြဇာလွှမ်းမိုးမှုအောက်တွင် ရှိနေကြသည်။ နောက်ထပ်ဖြည့်စွက်ရန် ရှိသည်မှာ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဘာသာရေးအရ လွှမ်းမိုးခံထားရသည့် အဖွဲ့ အစည်းများ အပါအဝင် များပြားလှသည့် လက်နက်မပါဘဲ လှုပ်ရှားနေကြသူ အမျိုးမျိုးအဖုံဖုံတို့ ဖြစ်ကြပြီး၊ အားလုံးက ရှုပ်ထွေး၍ မထင်ရှားသော်လည်း အရေးနိမ့်သွားနိုင်သည့် နိုင်ငံရေးပြဿနာ အထပ်ထပ်နှင့် အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားများနှင့်အတူ ပြဌာန်းခံထားရပြီး၊ ထွင်းဖောက်၍ မမြင်နိုင်သည့် ပဋိပက္ခရောင်စုံတို့က ထွက်ပေါ်လာလျက် ရှိနေသည်။ မြင်သာသည့် အချို့သော “သိထားပြီးသား အန္တရာယ်ရှိမှု” အချက်များက လက်ရှိ အာဏာချိန်ခွင်လျှာကို မတည်မငြိမ် ဖြစ်လာစေနိုင်သည်။ 

ပထမဆုံး အချက်မှာ၊ တပ်မတော်နှင့် နှစ်ဘက်သဘောတူ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားသည့် ရခိုင့်တပ်တော် (အေအေ) နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) ခေါ် အဓိက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည်။ အကယ်၍ ဤအဖွဲ့ နှစ်ခုအနက် တစ်ဖွဲ့ဖွဲ့က တပ်မတော်နှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင် လာခဲ့ပါက၊ အာဏာချိန်ခွင်လျှာကို ပြောင်းလဲသွားစေလိမ့်မည် ဖြစ်သည်။ ဝတပ်ဖွဲ့သည် နိုင်ငံအတွင်း တစ်ခုတည်းသော အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး၊ အကောင်းဆုံး လက်နက်တပ်ဆင်ထားသည့် အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသော်လည်း၊ စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံရေးအရ လိုက်လျောမှုများကြောင့်၊ တပ်မတော်နှင့် တိုက်ရိုက် ထိပ်တိုက်တွေ့စရာ မက်လုံးအနည်းငယ်မျှသာ ရှိသည်ဟု ဆိုနိုင်သည်။ အေအေအဖွဲ့၏ အင်အားပမာဏမှာ လူသိနည်းပြီး၊  ၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော်လည်း ၎င်း၏ စစ်ရေးစွမ်းရည်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်နိုင်မှုများကြောင့် စိုးရိမ်စရာ အင်အားစုတစ်ခု အလျင်အမြန် ဖြစ်ထွန်းလာခဲ့သည်။ အေအေအဖွဲ့ အနေဖြင့် ၎င်း၏ တပ်မတော်နှင့် ထားရှိခဲ့သည့် ၂၀၂၀ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာမည်ဟု လူသိရှင်ကြား ကတိပြုထားသော်လည်း၊ အဆိုပါ သဘောတူညီချက်မှာ ခိုင်မာမှုမရှိဘဲ - မကြာမြင့်မီ လများအတွင်းက ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး၊ အကယ်၍ တပ်မတော်က ၎င်း၏ ပိုင်နက်နယ်နိမိတ်များကို လေးစားခြင်းမရှိပါ ပြင်းထန်သည့် စစ်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း အေအေက အတိအလင်း သတိပေးထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရအာဏာ လစ်ဟာမှုကြောင့် အေအေက ၎င်းထိန်းချုပ်သည့် နယ်မြေကို တိုးချဲ့၍ အုပ်ချုပ်ရေး အစီအစဥ်များကို ဖော်ဆောင်လာနိုင်ခဲ့ပြီး၊ အန်ယူဂျီနှင့် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ တပ်မတော်၏ တပ်ဖွဲ့များ အများစုကို နိုင်ငံအနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ အရှေ့မြောက်ဘက်ရှိ ရှမ်းပြည်နယ်နှင့် အရှေ့ဘက်ရှိ တတိယစစ်မြေပြင် တစ်ခုတို့တွင် တပ်ချထားရပြီး၊ ရခိုင်ပြည်နယ်တွင် နောက်ထပ် အဓိက စစ်မျက်နှာတစ်ခု ပေါ်ပေါက်လာမှုက အက်စ်အေစီတပ်ဖွဲ့များ၏ အနေအထားကို ဆိုးဆိုးရွားရွား ဖြစ်လာစေလိမ့်မည် ဖြစ်သည်။ 

ဒုတိယ အဓိကကျသည့် အချက်မှာ၊ အသစ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖြစ်ကြသည်။ မြို့ပြနှင့် ကျေးလက်ဒေသများမှ သောင်းနှင့်ချီသည့် လူငယ်များသည် အီးအေအိုအဖွဲ့ အသီးသီးက ပေးအပ်သည့် သင်တန်းများတွင် တက်ရောက်သင်ကြားခဲ့ကြပြီး၊ ယခုအခါ တစ်နှစ်နီးပါး တိုက်ပွဲအတွေ့အကြုံများဖြင့် ရင့်ကျက်မာကျော လာခဲ့ကြသည်။ ပီဒီအက်ဖ်များနှင့် အယ်လ်ဒီအက်ဖ်များ၏ လက်နက်ကိရိယာများသည် လက်လုပ် ပြောင်းချောသေနတ်များနှင့် လက်လုပ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များမှ ပြည်ပမှ တင်သွင်းလာသည့် အပေါ့စားလက်နက်များနှင့် သုံးဘက်မြင်ပုံရိုက် ထုတ်လုပ်ထားသည့် သေနတ်များအထိ ကွဲပြားလျက် ရှိနေကြသည်။ သို့ရာတွင်၊ တိုက်ပွဲဝင် တော်လှန်ရေးသမားများသည် နည်းဗျူဟာဘက် စွမ်းဆောင်ရည်များတွင်ရော၊ မတူညီသည့် အယ်လ်ဒီအက်ဖ်နှင့် ပီဒီအက်ဖ် အဖွဲ့များကြားအပြင်၊ ပိုမိုအင်အားကြီးမားသည့် အီးအေအိုအဖွဲ့များနှင့် ဘက်စုံညှိနှိုင်းဆောင်ရွက်မှုများတွင်ပါ တဖြည်းဖြည်း တိုးတက်ကောင်းမွန် လာခဲ့ကြသည်။ အန်ယူဂျီကလည်း သမရိုးကျစစ်တပ်တစ်ခုနှင့် ပို၍တူသည့် အရေအတွက်မသိရသော ယူနီဖောင်းဝတ် ပီဒီအက်ဖ် တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ တိကျသည့် ကိန်းဂဏန်းများကို တင်းကျပ်စွာ ထိန်းချုပ်ထားသော်လည်း၊ ပီဒီအက်ဖ် တပ်ဖွဲ့ဝင်များ (အန်ယူဂျီက လေ့ကျင့်ပေးထားသည့် တပ်ဖွဲ့ဝင်များ အပါအဝင်) စုစုပေါင်း အရေအတွက်မှာ ၅၀,၀၀၀ ဝန်းကျင်ဖြစ်ပြီး၊ အန်ယူဂျီနှင့် ပေါင်းစည်းထားသည့် အယ်လ်ဒီအက်ဖ်အဖွဲ့များ၏ ညွန့်ပေါင်းတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် ၆၀,၀၀၀ မှ ၇၀,၀၀၀ ရှိသည်ဟု အတွင်းသတင်းရင်းမြစ်များက ဆိုကြသည်။ အကယ်၍သာ ဤကိန်းဂဏန်းများက မှန်ကန်ခဲ့ပါက၊ နိုင်ငံတစ်ဝှမ်းတွင် ပီဒီအက်ဖ်-အယ်လ်ဒီအက်ဖ် တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၁၀,၀၀၀ အထိ ဖြန့်ကျက်နေရာယူထားလျက် ရှိနေကြသည်ဟု ဆိုနိုင်သည်။ လက်နက်ကိရိယာ ချို့တဲ့မှုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အကြီးမားဆုံး အားနည်းချက်အဖြစ် ဆက်လက်တည်ရှိနေပြီး၊ တပ်မတော်က လေကြောင်းသာလွန်မှုကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။ ဖြစ်နိုင်ခြေ မရှိသော်လည်း၊ တတိယအဖွဲ့အစည်း တစ်ခုမှ ဘဏ္ဍာရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုကို ရရှိခဲ့ပါက၊ တော်လှန်ရေးအတွက် အကျိုးရှိစေမည့်ဘက်သို့ ပဋိပက္ခ၏ အနေအထားကို လျင်မြန်စွာတိမ်းစောင်း ပြောင်းလဲသွားစေနိုင်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ အနေအထားကို ပြောင်းလဲသွားစေနိုင်သည့် အခြားဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းများတွင်၊ တပ်မတော်မှ (အနည်းဆုံး ဗိုလ်မှူးချုပ်အဆင့်) အဆင့်မြင့် အရာရှိ တစ်ဦးဦး ဘက်ပြောင်းသွားခြင်း ပါဝင်ပြီး၊ ယင်းအချက်က ဆုတ်ယုတ်နေသည့် စိတ်ဓာတ်ကို ကျဆင်းသွားစေပြီး အစုလိုက်အပြုံလိုက် စစ်ပြေးမှုများကို ဖြစ်လာစေနိုင်သည်။ တပ်မတော်၏ အထက်ပိုင်း ရာထူးအဆင့်များအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာကို ချုပ်ကိုင်ထားခြင်းကြောင့် လက်ရှိအချိန်တွင် ထိုသို့မဖြစ်နိုင်ဟု ထင်ရသော်လည်း၊ ဘက်ပြောင်းရန် အလားအလာ ရှိသူများအတွက် ပြည်တွင်းနှင့် တတိယနိုင်ငံများ၏ မက်လုံးပေး ဆွဲဆောင်မှုများက တိုးလာလျက် ရှိနေသည်။ ထို့အပြင်၊ စစ်အာဏာရှင်အုပ်စု ပြိုလဲလာသည်နှင့် တပြိုင်နက်၊ ထိပ်တန်းအဆင့် ရှိသူများက အာဏာရှင်ကို ဆန့်ကျင်လာကြသည့် ဥပမာဖြစ်ရပ်များစွာကို သမိုင်းက ပြသနေသည်။ မင်းအောင်လှိုင်အား အစားထိုးရန် တပ်တွင်းအုပ်စုကွဲတစ်ခု ထွက်ပေါ်လာနိုင်ခြေ ရှိသော်လည်း၊ ထိုအချက်က ခေါင်းဆောင်ပိုင်းကို အားပျော့သွားစေလိမ့်မည်ဟု မဆိုနိုင်ပေ။

စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုများ၏ အကြီးမားဆုံး အားနည်းချက်မှာ စည်းလုံးညီညွတ်သည့် အမြင်မရှိခြင်း ဖြစ်နိုင်သည်။ ဤပြဿနာအတွက် တိုင်းရင်းသား လူနည်းစုများအကြား နိုင်ငံရေးအရ ကွဲလွဲမှုတွင် သမိုင်းကြောင်း ရင်းမြစ်များ ရှိနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ နိုင်ငံရေးသမားများ လွှမ်းမိုးထားသည့် အန်ယူဂျီ အပေါ် ၎င်းတို့၏ ယခင်ကတည်းကရှိခဲ့သည့် သံသယဖြစ်မှုများကြောင့် ပို၍ဆိုးလာစေသည်။ မည်သို့ပင်ဖြစ်စေကာမူ၊ အကယ်၍ အကွဲကွဲအပြားပြား ဖြစ်နေသည့် အတိုက်အခံ အင်အားစုများက နိုင်ငံ၏အနာဂတ်အတွက် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးပုံစံတစ်ခုကို သဘောတူလက်ခံ လာနိုင်ခဲ့ပါက၊ တပ်မတော်က ယှဥ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သည့် အင်အားကောင်းသော နိုင်ငံရေး (နှင့် စစ်တပ်) အင်အားစုတစ်ရပ် ကောင်းစွာ ထွက်ပေါ်လာနိုင်သည်။ အန်ယူဂျီ အနေဖြင့် ထိုကဲ့သို့သော သဘောတူညီချက်တစ်ခုကို ရရှိနိုင်ရန်အတွက်၊ ဒီမိုကရေစီ အတိုက်အခံအဖွဲ့များအတွက် အတိုင်ပင်ခံစင်မြင့် တစ်ခုဖြစ်သည့် ၎င်း၏ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (အန်ယူစီစီ) မှတဆင့်၊ မကြာမီက ကိုယ်စားလှယ်ဦးရေ ၄၀၀ ကျော် ပါဝင်တက်ရောက်မှုဖြင့် ကျင်းပခဲ့သည့် ပြည်သူ့ညီလာခံတွင်၊ ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း (အက်ဖ်ဒီစီ) မူကြမ်းအား အတည်ပြုခဲ့ခြင်းမျိုးဖြင့်၊ ကြိုးပမ်းလျက် ရှိနေခဲ့ပြီး ဖြစ်သည်။ အကောင်အထည်ဖော်မှု အဆင့်ဆင့်ကို အစဥ်လိုက် မည်ကဲ့သို့ ဖော်ဆောင်ပြီး၊ သင့်လျော်သည့် အပြန်အလှန်ထိန်းကျောင်းမှုများကို မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုသည်တို့မှာ ကျန်ရှိနေသေးသည့် အဓိကအတားအဆီးများ ဖြစ်နေကြပြီး၊ တိုင်းရင်းသားလူနည်းစုများအကြား သမိုင်းတစ်လျှောက် ရှိလာခဲ့သည့် မကျေနပ်ချက်များကို ကျော်လွှားနိုင်ရန်အတွက် အချိန်ယူ လုပ်ဆောင်ကြရလိမ့်မည်ဖြစ်သည်။ သို့ရာတွင် မဆုမွန်သဇင်အောင်၏ ပြောဆိုချက်အရ၊ ယေဘုယျအားဖြင့် အန်ယူစီစီ၏ လုပ်ငန်းစဉ်မှာ ပျက်ကွက်မှုဆိုသည်ကို လက်မခံနိုင်အောင်ပင် အလွန်အရေးကြီးသည်ဟု ယူဆထားကြပြီး၊ "အဓိကကျသည့်နေရာမှ ပါဝင်နေကြသူများက ၎င်းတို့၏ (အသေးအဖွဲများကို ဘေးဖယ်ထားလျက် ရည်မှန်းချက်များအပေါ် အာရုံစူးစိုက်မှုရှိသည့်) တိုးမြင့်လုပ်ဆောင် ဖြေရှင်းနည်းများဖြင့်၊ စစ်တပ်ကို တိုက်ဖျက်သွားရန် အားကောင်းခိုင်မာသည့် ကတိကဝတ်ရှိမှုကို ပြသခဲ့ကြသည်" ဟု သိရှိရသည်။ အကယ်၍သာ အန်ယူစီစီအနေဖြင့် ဗဟိုနှင့်အစွန်အဖျားအကြား ဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ပြင်ဆင် သတ်မှတ်ပေးသည့် ဖက်ဒရယ်ပဋိဉာဉ်သစ်ကို အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်ခဲ့ပါက၊ တပ်မတော်ကို ဆန့်ကျင်မှုအတွက် စည်းလုံးညီညွတ်သည့် တပ်ဦးတစ်ခုကို ဖန်တီးပေးခြင်းဖြင့် “လက်ရှိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသည့် အခြေအနေ၏ လမ်းကြောင်းကို သိသိသာသာ ပြောင်းလဲသွားစေလိမ့်မည်” ဖြစ်ပြီး၊ ယင်းအချက်က နိုင်ငံတကာ၏ အသိအမှတ်ပြုခံရမှုကို ပိုမိုရရှိလာစေနိုင်မည် ဖြစ်သည်။

ဤသည်မှာ မည်သည့်နည်းနှင့်မျှ၊ မြန်မာနိုင်ငံရှိ ပဋိပက္ခကို ပုံဖော်နေသည့် နိုင်ငံရေး အင်အားစုများ၏ စာရင်းအပြည့်အစုံ သို့မဟုတ် အာဏာချိန်ခွင်လျှာကို ပြောင်းလဲသွားစေနိုင်သည့် အရာများကို တရားဝင် ခွဲခြမ်းစိတ်ဖြာခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးသည် မယုံနိုင်လောက်အောင်ပင် ရှုပ်ထွေးလှသည်။ ဤနေရာတွင် အကြံပြုထားသည့် အချက်များတွင် မည်သည့်အချက်ကမျှ တပ်မတော်ကို ချက်ခြင်း ရှုံးနိမ့်သွားစေခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်းသို့ ဦးတည်သွားစေလိမ့်မည် မဟုတ်ပေ။ ယင်းအစား၊ အစိုးရအပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ခု ဖန်တီးရန်အတွက်မူ အချက်တစ်ခုချင်းစီတွင် အလားအလာများ ရှိနေကြသည်။ ထိုအပြောင်းအလဲတွင် မည်သည်တို့ ပါဝင်လိမ့်မည် ဆိုသည်ကို ခန့်မှန်းရန်မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် အထင်အရှားဆုံး အနေဖြင့်၊ နိုင်ငံတကာမှ ပါဝင်လုပ်ဆောင် နေကြသူများအတွက် သတိထားရမည့်အချက်မှာ၊ အကယ်၍ ၎င်းတို့အနေဖြင့် ပိုမိုကြီးမားဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်ရှားလိုပါက၊ တပ်မတော်အနေဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ၎င်း၏အာဏာကို ဆုံးရှုံးရနိုင်ခြေသည် လုံးဝမရှိသည့်အရာ မဟုတ်ဘဲ – တိုး၍သာ များလာမည့် – အခြေအနေတွင် ရှိနေသည်ဆိုသည့် အချက်ဖြစ်သည်။

• အစိုးရအပြောင်းအလဲအတွက် စီစဉ်လုပ်ဆောင်မှု •

အပြုသဘောဆောင်သည့် ဝင်ရောက်စွက်ဖက်မှု မရှိပါက၊ မြန်မာနိုင်ငံသည် ရှည်လျားအချိန်ကြာသည့် ပဋိပက္ခများနှင့် ဆက်လက် ရင်ဆိုင်နေရဖွယ် ရှိသည်။ သိထားပြီးသား (သို့မဟုတ် မျှော်လင့်မထားသည့်) အန္တရာယ်ရှိမှုက ဝင်ရောက်စွက်ဖက်မှု ပြုခြင်း၏ အတိုင်းအဆကို ညွှန်ပြနေသည့်တိုင်၊ တပ်မတော် တဖြည်းဖြည်းချင်း ပြိုကွဲလာခြင်းက ပဋိပက္ခကို တိုးကာဆိုးလာစေပြီး၊ အရပ်သားများအပေါ် အကြမ်းဖက်မှုကို ဆက်လက်ဖြစ်ပွားနေစေရန် သို့မဟုတ် ပိုမိုအရှိန်မြှင့်လာစေရန် သေချာသလောက် ဖြစ်လာစေလိမ့်မည် ဖြစ်သည်။ ဤအချက်က ဒုက္ခရောက်ရသူ အရေအတွက်များကို တိုးပွားလာစေကာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေလိမ့်မည် ဖြစ်သည်။ ထို့အပြင် သမိုင်းကို ပြန်ကြည့်ပါက၊ မြန်မာနိုင်ငံတွင် အာဏာလေဟာနယ် ဖြစ်ခြင်းက အခွင့်အရေးသမား ပြည်သူ့စစ်များကို ခိုးဆိုးလုယက်မှုနှင့် တရားမဝင် လုပ်ဆောင်မှုများအတွင်း ပါဝင်မှုဆီသို့ ဦးတည်သွားစေနိုင်ပြီး၊ ကျရှုံးနိုင်ငံ ဖြစ်လာမည့် အန္တရာယ်ကို ပိုမိုတိုးပွားလာစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဖြစ်လာနိုင်ခြေရှိသည့် အစိုးရအပြောင်းအလဲအတွက် တက်ကြွစွာ စတင်စီစဉ်ကြရန်နှင့်၊ နောက်မှဆိုသည်ထက် ပိုမိုစောလျင်စွာ လုပ်ဆောင်ရန်မှာ နိုင်ငံတကာအသိုက်အဝန်း၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဖြစ်သည်။

ထိုသို့သော အစီအစဥ်ရေးဆွဲခြင်းအတွက် အနည်းဆုံးလမ်းကြောင်းသုံးခု ရှိနေသည်။ ပထမဆုံး အနေဖြင့်၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းလာစေရေးကို စိတ်ပါဝင်စားသည့် နိုင်ငံများအတွက် “အဖြစ်မှန်ကို လက်ခံယုံကြည်ပေးကာ”၊ အဓိကကျသည့် အန်ယူဂျီနှင့် သာမက၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အီးအေအိုအဖွဲ့များ အပါအဝင် မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အတိုက်အခံများနှင့် စစ်မှန်လေးနက်စွာ ထိတွေ့ဆက်ဆံကြရန် ဖြစ်သည်။ ဤသို့ ထိတွေ့ဆက်ဆံရာတွင်၊ “တပ်မတော်ခေတ်အလွန်” အခြေအနေတစ်ခုတွင် လိုအပ်လာပါက အာဏာကို လက်ခံကျင့်သုံးနိုင်စေရန်အတွက်၊ အန်ယူဂျီ၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်ကို ထောက်ကူမြှင့်တင်ပေးမည့် အစီအစဉ်တစ်ခုဖြင့် စတင်သင့်သည်။ ဒုတိယနည်းလမ်းတွင်၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တပ်မတော်က အသိအမှတ်ပြုလက်ခံရန် ငြင်းဆိုနေသည့်တိုင်၊ အန်ယူစီစီက အဆိုပြုထားသည့် ဖက်ဒရယ်ပဋိဥာဥ်သစ်အား အသိအမှတ်ပြုထောက်ခံ သဘောတူညီမှုရရန်၊ အာဆီယံ၊ အနောက်အင်အားကြီး နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ပါဝင်သည့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ထူထောင်သင့်သည်။ တတိယ နည်းလမ်းတွင်၊ အနောက်နိုင်ငံများ (နှင့် အိမ်နီးချင်းနိုင်ငံများ) အနေဖြင့် တပ်မတော်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအား သက်သာရာရစေရန် အတွက်သာမက၊ အန်ယူဂျီအား မိမိ၏ စစ်ရေးဗျူဟာအပေါ် အာရုံစိုက်နိုင်စေရန်အတွက် ၎င်း၏စွမ်းအင်နှင့် အရင်းအမြစ်အချို့ကို ဖဲ့ယူသုံးစွဲနေရမှုမှ လွတ်မြောက်စေမည့်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်သင့်ကြသည်။

“တပ်မတော်ခေတ်အလွန်” မြန်မာနိုင်ငံဆိုသည်မှာ တပ်မတော်ကို ဖျက်သိမ်းပစ်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တော်လှန်ရေးအင်အားစု တစ်ခုက နေပြည်တော်ကို သိမ်းပိုက်ပြီး တပ်မတော်တစ်ခုလုံးကို အနိုင်ယူရန် ဆိုသည်မှာ၊ အနည်းဆုံး အစဥ်အလာသဘောအရ လွန်စွာမှပင် ဖြစ်လာနိုင်စရာ မရှိပေ။ အကယ်၍ တပ်မတော်၏ ရပ်တည်ချက် ဆက်လက် ပျက်ယွင်းလာပါက၊ တပ်မတော် ခေါင်းဆောင်မှုအသစ် သို့မဟုတ် အခွင့်အရေးယူတတ်သည့် အစုတစ်ခုက အန်ယူဂျီနှင့် အဓိပ္ပာယ်ရှိသည့် ပြုပြင်ပြောင်းလဲမှုများအတွက် ညှိနှိုင်းရာတွင်၊ ပိုမိုလိုလားသည့် လိုက်လျောမှု ရှိကောင်း ရှိလာနိုင်မည် ဖြစ်သည်။ သို့သော်လည်း ပေါင်းစည်းထားသည့် စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုများက တပ်မတော်ကို ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်ခဲ့လျင်ပင် တပ်မတော်ကို ဖျက်သိမ်းခြင်းသည်၊ ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် အီရတ်စစ်တပ်ကို ဖျက်သိမ်းလိုက်ခြင်းက အိုင်အက်စ်အိုင်အက်စ် အဖွဲ့ကို ကြီးထွားလာစေသကဲ့သို့၊ ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုများကို ဖြစ်လာစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များအား ထည့်သွင်းပေါင်းစည်းရေး အပါအဝင်၊ တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် အစီအစဥ်တစ်ခုကို စောစီးစွာ ရေးဆွဲထားရန်မှာ အထူးပင် အရေးကြီးလှသည်။ ထိုအစီအစဥ်မှာ နောက်ကျမှထက် စော၍စတင်သင့်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

သတိပေးဖော်ပြသင့်သည့် ဖြစ်လာနိုင်သည့် အန္တရာယ်နှစ်ခု ရှိနေသည်။ ပထမဦးစွာ အန်ယူဂျီအနေဖြင့်၊ ယှဥ်ပြိုင်ရင်ဆိုင်နေရသည့် ခက်ခဲသော နိုင်ငံရေးနှင့် စစ်ရေးအခြေအနေကို အနီးကပ်ဂရုပြုရန်နှင့် အပေးအယူ လုပ်နိုင်ရန် အတွက် ပိုမိုပွင့်လင်းရန် လိုအပ်သည်။ အယ်လ်ဒီအက်ဖ်နှင့် ပီဒီအက်ဖ်အဖွဲ့များ အများအပြားက၊ ကြီးမားသည့် လူထုလူတန်းစား အစိတ်အပိုင်း အများနှင့်အတူ၊ လက်ရှိတွင် တပ်မတော်က အလုံးစုံလက်နက်ချ အညံ့ခံမှုထက် လျော့နည်းသည့် မည်သည့်အချက်ကိုမျှ လက်မခံလိုကြပေ။ အန်ယူဂျီအနေဖြင့်၊ ဖက်ဒရယ် လက်နက်ကိုင်တပ်ဖွဲ့ အသစ်အတွင်း လက်ရှိ တပ်မတော်မှ စစ်သည်အဆင့်ဆင့်၏ ပါဝင်နိုင်ခြေများ အပါအဝင်၊ လက်တွေ့ကျသည့် ကန့်သတ်ချက် ရှိမှုများကို အများပြည်သူသို့ ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြောဆိုခြင်းဖြင့် မျှော်လင့်ချက်များကို စီမံခန့်ခွဲသင့်သည်။

ဒုတိယအချက် အနေဖြင့်၊ လက်ရှိ တပ်မတော် ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးခြင်းသည် လက်တွေ့အရရော ကျင့်ဝတ်အရပါ မဖြစ်နိုင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုရန် လိုအပ်သည်။ တပ်မတော်အတွင်းရှိ သဘောထား တင်းမာသူများက စေ့စပ်ညှိနှိုင်းမှုများကို အမြဲတစေ မရိုးမသား လှည့်စားမှုဖြင့်သာ လုပ်ဆောင်လေ့ ရှိနေခဲ့ကြပြီး၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်လာခဲ့ရသည့်၊ လူမှုကွန်ရက်များ အပေါ်တွင်နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက အသေအချာနှင့် အသေးစိတ် မှတ်တမ်းတင် ထားခဲ့ကြသော အကျိုးသက်ရောက်မှုများအား လွန်ကဲသည်ဟုဆိုရန်မှာ ခက်ခဲသည်။ ယနေ့ မြန်မာနိုင်ငံရှိ လူထုအများစုက၊ လုပ်ရပ်များအရ တပ်မတော်သည် ကျူးကျော်ဝင်ရောက် သိမ်းပိုက်လာသည့် နိုင်ငံခြားတပ်ဖွဲ့တစ်ခုနှင့် တန်းတူညီမျှ ဖြစ်နေသည်ဟု ရှုမြင်လျက် ရှိနေကြပြီး၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မိမိတို့၏ သံတမန်ရေးရာ ဇာတ်ညွှန်းကို လိုအပ်သလို ပြန်လည်ရေးသားခြင်းကသာ အနာဂတ်အတွက် ချင့်ချိန်မြော်မြင်ရာ ရောက်လိမ့်မည် ဖြစ်သည်။ 

ပဋိပက္ခ၏ အကျပ်အတည်းက ပို၍ကောင်းမလာမီ ပို၍ဆိုးလာရန် အလားအလာ ရှိနေသော်လည်း၊ ဤအချိန်သည် ပြည်တွင်းနှင့် နိုင်ငံတကာက ပတ်သက်ဆောင်ရွက် နေကြသူများအနေဖြင့်၊ တပ်မတော်ခေတ်အလွန် မြန်မာနိုင်ငံအတွက် စတင်စီစဉ် လုပ်ဆောင်ကြရမည့် အချိန်ဖြစ်သည်။ 

Original Article: “The International Community Needs to Prepare for a Post-Tatmadaw Myanmar” – Written by: Anders Kirstein Moeller – Source: Iseas – Yusof Ishak Institute – 17 June 2022.

(သိန်းမော် ပြန်ဆိုသည် - ဂျွန်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်)

...

356 views0 comments