top of page

မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားဒေသများသည် တိုင်းပြည်၏အဓိက သယံဇာတအရင်းအမြစ် ထွက်ပေါ်ရာနေရာဖြစ်




အနာဂါတ်တွင် သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော သဘာဝသယံဇာတ ရယူသုံးစွဲမှု နဲ့ အခြေခံအဆောက်အဦးဆိုင်ရာ မညီမျှမှုများကိုကျော်လွှားနိုင်ရန် ရည်မှန်းလျက်…..



မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာဖြစ်ပွါးခဲ့သော ရှုပ်ထွေးလှတဲ့ နိုင်ငံရေး ပဋိပက္ခများထဲတွင် နိုင်ငံ၏ သဘာဝသယံဇာတ ခွဲဝေစီမံမှု လုပ်ငန်းစဉ်များသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါတယ်။ယခင်အစိုးရအဆက်ဆက်တွင်လည်း ယင်းကဏ္ဍနှင့်ပတ်သတ်၍ တိုင်းရင်းသားလူနည်စု ဒေသများမှာ သဘာဝပတ်ဝန်းကျင်၊လူမှုပတ်ဝန်းကျင်များ အပေါ် သက်ရောက်မှုများကို ဆယ်စုနှစ်များစွာ ခါးစည်းခံခဲ့ရကာ အကျိုးခံစားမှု အနေနဲ့လည်း အနည်းအကျဉ်းပဲရခဲ့ကြပါတယ်။


မြန်မာနိုင်ငံ သဘာဝသယံဇာတဆိုင်ရာ မူဝါဒစာတမ်းများအရ ယခင်နှစ်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနီးပါးတွင် ရေနံ၊ဓာတ်ငွေ့ သို့မဟုတ် တွင်းထွက်တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံပိုင်လုပ်ငန်းများကသာ သယံဇာတများ စီမံခြင်းကို အဓိက တာဝန်ယူခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါ့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ၎င်းကဏ္ဍအား ထိန်းချုပ်ဆောင်ရွက်နိုင်ခွင့်ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ယခင်ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာပါ သဘာဝသယံဇာတ အရေးနဲ့ပတ်သတ်၍ ဆွေးနွေးမှုများမှာ မရှိသလောက်ဖြစ်ခဲ့ပါတယ်။


ဒါကြောင့် အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရာတွင်လည်း ယခင်သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော သဘာဝသယံဇာတများနှင့် အခြားအရင်းအမြစ်များ ရယူအသုံးပြုနိုင်မှုနှင့် အခြေခံအဆောက်အဦးများဆိုင်ရာ မညီမျှမှုများကိုကျော်လွှားနိုင်ရန် သဘာဝသယံဇာတ ဖက်ဒရယ်စနစ်(Natural Resource Federalism) ကျင့်သုံးဖို့ ယေဘုယျ အခြေခံစဉ်းစားချက်များကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။


(၁) ပွင့်လင်းမြင်သာမှုရှိခြင်း


ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား ပွင့်လင်းမြင်သာမှုရှိမှသာလျှင် ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဒါမှသာ

ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းဆိုင်ရာအရေးကိစ္စများ အပါအဝင် အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ အကြား အသုံးစရိတ်အချက်အလက်ဆိုင်ရာ အငြင်းပွါးမှုများကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။


(၂) စွမ်းဆောင်ရည်ပြည့်ဝမှုရှိခြင်း


ပြည်နယ်အဆင့် လုပ်ပိုင်ခွင်အာဏာပေးအပ်ရာတွင် ထိရောက်အောင်မြင်သော သဘာဝသယံဇာတစီမံမှု ဖြစ်စေရန်အတွက် လုံလောက်တဲ့စွမ်းရည်များရှိနေဖို့လိုအပ်ပါတယ်။ဒီလိုစွမ်းရည်များ ပြည့်ဝနေရန်လည်း လူအင်အား၊ဘဏ္ဍာရေး၊နည်းပညာ အစရှိတဲ့ အရင်းအမြစ်အထောက်အပံ့များ ရှိနေဖို့လိုအပ်ပါတယ်။


(၃) တာဝန်များကို အတိအကျသတ်မှတ်ခြင်း


သဘာဝသယံဇာတဆိုင်ရာ ဖက်ဒရယ်စနစ်ကိုအကောင်အထည်ဖော်ရာတွင် အရေးအကြီးဆုံးအချက်မှာ အစိုးရအရပ်ရပ်ဆောင်ရွက်ရမယ့် ဥပဒေပြုခြင်း၊အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ခြင်းစတဲ့ တာဝန်များကို သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆောင်ရွက်ရမည်ဟု အတည်အကျ ဖော်ပြခြင်းပဲဖြစ်ပါတယ်။ဒီလိုဖော်ပြထားမှသာ လုပ်ငန်းတာဝန်များ ထပ်နေခြင်း ၊ရှင်းလင်းမှုမရှိတို့ရဲ့နောက်ဆက်တွဲပြဿနာများကို ကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။






ယခင်ကာလများတွင် တိုင်းရင်းသားလူနည်းစု ဒေသများမှာ သယံဇာတများ များစွထွက်ပေါ်ခဲ့သော်လည်း ဖွဲ့ဖြိုးမှုမညီမျှပဲ ဆုတ်ယုတ်ခဲ့သည်မှာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာကန့်သတ်ချက်များနဲ့ အထက်ဖော်ပြပါအချက်များနှင့် အစရှိတဲ့ တိကျသေချာ၍ ဝေဝါးခြင်းမရှိတဲ့ သယံဇာတခွဲဝေခြင်းဆိုင်ရာ အစီအမံများ မထားရှိခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အထက်ပါဖော်ပြချက်များမှာ အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရာမှာ အခြေခံရမယ့် ယေဘုယျစဉ်းစားချက်တွေပဲ ဖြစ်ပါတယ်။ သဘာဝသယံဇာတ စီမံတာဝန်များကို နိုင်ငံအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ အကိုက်ညီဆုံးဖြစ်စေရန် အသုံးပြုကြပြီး အခြားသောလူမှုရေး ၊နိုင်ငံရေးအရတွက်စချက်များ၊ပကတိတိုင်းပြည်အနေအထားတို့ပေါ်မူတည်၍ကွဲပြာခြားနားကြပါတယ်။


ဒါကြောင့် အနာဂါတ်ဖက်ဒရယ် တည်ထောင်ရာမှာလည်း အထောက်အကူပြုစေရန်

အခြေခံစဉ်းစားချက်များကို ဖော်ပြလျက် တစ်သတ်မတ်တည်းရှိသော စံဖြေရှင်းမှုနည်းလမ်းများ မဖြစ်မနေ သုံးရမယ့် ဒေသများတွင် ပြည်ထောင်စု အဖွဲ့အစည်များမှ တာဝန်ယူဆောင်ရွက်စေပြီး ကိုယ်ပိုင်လက္ခဏာ ၊ဒေသန္တရ စီးပွါးရေး နှင့် လူမှုရေးဆိုင်ရာ စနစ်များအပေါ် သက်ရောက်သည့် ဒေသများတွင်မူ ဆုံးဖြတ်ချက်များအား ပြည်နယ်နှင့်တိုင်းဒေသကြီး မှချမှတ်နိုင်မယ့် စနစ်ကျတဲ့ တာဝန်များခွဲဝေမှုကို ပေးအပ်နိုင်သော အခင်းအကျင်း ပေါ်ပေါက်စေရန် မျှော်မှန်းဆန္ဒပြုရင်း ဆောင်းပါးလေးကိုအဆုံးသတ်လိုက်ရပါတော့တယ်။


40 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page