top of page

Conflict resolution (Epi - 1)

  • May 14, 2022
  • 1 min read

Updated: Jun 25, 2022



ပဋိပက္ခတွေကို ကာကွယ်ဖြေရှင်းနိုင်တဲ့အဖြေ (သို့မဟုတ်) ဖက်ဒရယ်


အပိုင်း(၁)


ဖက်ဒရယ်စနစ် နဲ့ ဘာသာစကားမူဝါဒများ



ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ စုံလင်ကွဲပြားသော လူမျိုးစုများ၏ သက်ဆိုင်ရာကိုယ်ပိုင်လက္ခဏာအသီးသီးကို ထိန်းသိမ်းခြင်း၊အားပေးမြှင့်တင်ခြင်းတို့ကို အာမခံချက်ပေးပြီး စည်းလုံးမှုကိုဖော်ဆောင်ပါတယ်။


မြင်သာတဲ့ ဥပမာတစ်ခုအနေနဲ့ဆိုရင် ဖက်ဒရယ်နိုင်ငံအချို့မှာ စုံလင်ကွဲပြားတဲ့ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှု၊သမိုင်းကြောင်း

စတာတွေကို နိုင်ငံတော် ဗဟိုအဆင့်အင်စတီကျူးရှင်းများနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဌာန်းချက်များမှာ တရားဝင် အသိအမှတ်ပြုထားကာ ကိုယ်ပိုင်လက္ခဏာအခြေခံ နိုင်ငံရေး ပဋိပက္ခမြင့်တက်လာနိုင်ခြေများကို ကိုင်တွယ်ဖြေရှင်းကြတာပဲဖြစ်ပါတယ်။


ဒါကြောင့် ဒီနေ့မှာတော့ အထက်မှာဖော်ပြခဲ့သလို စုံလင်ကွဲပြားတဲ့ ကိုယ်ပိုင်လက္ခဏာအသီးသီးကို ထိန်းသိမ်းကာအားပေးမြှင့်တင်ပြီး ဖက်ဒရယ်စနစ်ရဲ့ အားသာချက်အစီအမံတေနဲ့ ပဋိပက္ခတွေကိုကာကွယ်ဖြေရှင်းတဲ့ သာဓကတွေထဲကမှ ဖက်ဒရယ်နိုင်ငံအချို့ရဲ့ ဘာသာစကားမူဝါဒ အစီအမံတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။


အိန္ဒိယနိုင်ငံ


အိန္ဒိယနိုင်ငံတွင် ဘာသာစကားပေါင်း ၄၀ ဝန်းကျင်ရှိပြီး လူဦးရေတစ်သန်းကျော်က အဆိုပါဘာသာစကားများကို ပြောဆိုကြပါတယ်။

အိန္ဒိယဖွဲစည်းပုံ အခြေခံဥပဒေ၏ “၈ ကြိမ်မြောက်ဇယား” အရ အိန္ဒိယ၏ အဓိကဘာသာစကား/ ရုံးသုံးဘာသာစကားများမှာ ၂၂ မျိုးအဖြစ် ဒေသန္တရအစိုးရအဆင့်များအား အသိအမှတ်ပြုခွင့် အာဏာများအပ်နှင်းထားခြင်းပဲဖြစ်ပါတယ်။


ပြည်နယ်အသီးသီးမှာ အခြေခံဥပဒေပါ ဘာသာစကား၂၂မျိုးအနက် ဘယ်ဘာသာစကားကို မိမိတို့ပြည်နယ်အတွက် ရုံးသုံးဘာစကားအဖြစ်သတ်မှတ်မလဲဆိုပြီး ရွေးချယ်နိုင်ခွင့်လည်းရှိပါသေးတယ်။အဓိကရုံးသုံးဘာသာစကားက ဟင်ဒူဘာသာစကားဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဟာလည်း ဆက်စပ်အသုံးပြုတဲ့ဘာသာစကားတစ်ခုအဖြစ် အရေးပါပါတယ်။



အီသီယိုးပီးယား


အီသီယိုးပြီးယားနိုင်ငံတွင် အင်္ဂလိပ်ဘာသာကို အစိုးရ နဲ့ ပညာရေးကဏ္ဍတွင်အသုံးပြုပါတယ်။အဓိက လူများစု တိုင်းရင်းသား ဘာသာစကားနှစ်မျိုးရှိပြီး လူနည်းစုဘာသာစကား ၁၁မျိုးနဲ့ အခြားသောမျိုးနွယ်စုများရဲ့ ဘာသာစကားပေါင်းများစွာလည်းရှိပါတယ်။


သီးခြား ရုံးသုံးဘာသာစကားရယ်လို့မရှိဘဲ မူဝါဒအရ ဘာသာစကားအားလုံးကို ညီတူညီမျှ လက်ခံသုံးစွဲစေကာ အသိအမှတ်ပြုထားပါတယ်။


ဒါ့အပြင် ပြည်နယ်အစိုးရတွေအနေနဲ့ ပြည်နယ်တစ်ခုချင်းစီမှာ ၎င်းတို့အနေနဲ့ အလုပ်လုပ်ရန် သက်ဆိုင်ရာ ဘာသာစကားများ သတ်မှတ်ထားကြပြီး ဗဟိုအစိုးရနဲ့ အချို့ ပြည်နယ်အစိုးရများကြားတွင်မှာတော့ Amarhic ခေါ်ဘာသာစကားတစ်ခုတည်းကိုသာ အသုံးပြုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။


ဆွစ်ဇာလန်


ဆွစ်ဇာလန်နိုင်ငံတွင်မူ ရုံးသုံးဘာသာစကား သုံးမျိုးရှိပါတယ်။ ဖက်ဒရယ်အဆင့်မှာ ဘာသာစကားတစ်ခုရှိပါတယ်။သက်ဆိုင်ရာပြည်နယ်များအလိုက် ဘာသာစကားတစ်မျိုးတည်း အသုံးပြုသော ပြည်နယ်များအနေနဲ့ ၁၉ခုရှိပြီး ထိုပြည်နယ်များမှာ ပညာရေးကဏ္ဍနဲ့ အများပြည်သူဝန်ဆောင်မှုပေးတဲ့ကဏ္ဍတွေမှာ အဆိုပါ ဒေသခံဘာသာစကားတစ်ခုတည်းသာ အလေးပေး သုံးစွဲကြပါတယ်။ဒါတင်မကသေးပါဘူး။ ဘာသာစကား နှစ်မျိုးသုံးသော ပြည်နယ် ၃ ခု နဲ့ ဘာသာစကား သုံးမျိုးသုံးသောပြည်နယ် ၁ခုလည်းရှိပါသေးတယ်။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ ဖက်ဒရယ်စနစ်ရဲ့ အားသာချက် စံနှုန်းများကို အသုံးချကာ နှစ်ပေါင်းများစွာ လူမျိုးရေးအရ ၊ဘာသာစကားအရ၊ကိုးကွယ်မှုဘာသာရေးအရ အစရှိတဲ့ စုံလင်ကွဲပြားသည့် လူအဖွဲအစည်းဆိုင်ရာ အငြင်းပွါဖွယ် ပဋိပက္ခဖြစ်နိုင်ခြေတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ဖြေရှင်းကာ စီမံထိန်းသိမ်းနိုင်ခဲ့တဲ့ သာဓကကောင်းတွေပဲဖြစ်ပါတယ်။


ကိုယ်ပိုင်စရိုက်လက္ခဏာစောင့်ထိန်းမြှင့်တင်တဲ့ အစီအမံတွေထဲမှာ ဘာသာစကားနဲ့ဆိုင်တဲ့မူဝါဒတွေက တစ်ခါတစ်ရံ အလွန်အကဲဆတ်သော်လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာမှာ အထောက်အကူပြုစေရန် ဖက်ဒရယ်နိုင်ငံအချို့ရဲ့ ဟန်ချက်ညီ အားကောင်းစွာ ချမှတ်ထားတဲ့ဘာသာစကားဆိုင်ရာ မူဝါဒအစီအမံအချို့ကိုဖော်ပြလိုက်ရပါတယ်။နောက်အပတ်တွေမှာလည်း ဖက်ဒရယ်စနစ်ရဲ့ အားသာချက်တွေက ပဋိပက္ခတွေကို ဘယ်ပုံဘယ်နည်းနဲ့ဖြေရှင်းနိုင်မလဲ ဆိုတာသိရဖို့ “ပဋိပက္ခတွေကို ကာကွယ်ဖြေရှင်းနိုင်တဲ့အဖြေ (သို့မဟုတ်) ဖက်ဒရယ်” ဆိုတဲ့ဆောင်းပါးအပိုင်းဆက်လေးတွေကို စောင့်မျှော်ဖတ်ရှုဖို့ အကြံပြုလိုက်ရပါတယ်။



 
 
 

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page