top of page

လက်ချောင်းကလေးများ



“လက်ချောင်းကလေးများ”


(၁)

ကျွန်တော်တို့ရှေ့တွင်ရှိသော တရားသူကြီးသည် ၄င်း၏နဖူးပြင်မှ စီးကျလာသော ချွေးစက်တို့ကို သုတ်သင်ရင်း စာစီစာရိုက်ဟန်ဖြင့် ခပ်တည်တည်သရုပ်ဆောင်နေ၏။ အကျဉ်းထောင်ဝင်းအတွင်းက တရားခွင်သည် ပူလောင်ဆူညံနေသည်။ တရားရုံးရှိ မျက်နှာကျက်တွင် ရပ်နေသော ပန်ကာ(၂)ခုရှိပြီး ၄င်းတို့အောက်တွင် စကားတွေကို အစဉ်မပြတ်ပြောဆိုနေသော တရားခံဟု အစွပ်စွဲခံရသူ အယောက် (၄၀) ထက်မနည်းနှင့် ရှေ့နေများရှိနေသည်။ ဆွဲချရှေ့နေက ဖုန်းသုံးနေသည်။ ကျွန်တော့်ဘေးရှိ ဦးလေးကြီးက ကွမ်းတမြုံ့မြုံ့ဝါးနေ၏။ ဝေကြီးသည် သူ့အိမ်ကပို့လိုက်သော မုန့်များကိုစားနေသည်။ ကျွန်တော်၏ မျက်လုံးအစုံကမူ ပတ်ဝန်းကျင်ရှိ သက်ဝင်လှုပ်ရှားမှုများကို စူးစမ်းနေမိသည်။ “ဟေ့ မထိရဘူးနော်၊ အရမ်းနီးနီးကပ်ကပ်နေခွင့်မရှိဘူး” ဟု အရပ်ဝတ်နှင့်ရဲတစ်ယောက်သည် လူနှစ်ယောက်ကို ကျယ်ကျယ်လောင်လောင်ဟန့်တားလိုက်သည်။ အပြောခံလိုက်ရသော ကောင်လေး၏မျက်နှာသည် စိတ်ပျက်ဟန်ပေါ်သွားသည်။ ထိုကောင်လေးအနားတွင် ထိုင်နေသော ကောင်မလေးမှာမူ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်သွား၏။ မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူနှစ်ဦး။ ဆုံတွေ့ကြရတော့လည်း ဟိုအရင်လို လွတ်လပ်စွာ ပွေ့ဖက်ပိုင်ခွင့်မရှိတော့။ ကျွန်တော် သူတို့နှစ်ဦးကို ငေးစိုက်ကြည့်နေမိသည်။ ကောင်လေး၏သက်သေအဖြစ် လာရောက်ထွက်ဆိုသော ကောင်မလေးသည် စောစောကအော်ငေါက်သွားသော ရဲသားကို တစ်ချက်ခိုးကြည့်လျက် သူမ၏ (ဘယ်လက်မှ) လက်ညှိုးကလေးကို ကောင်လေးထံ မသိမသာလေး တရွေ့ရွေ့တိုးရွေ့ပေးလိုက်သည်။ ကောင်လေးကလည်း သူ၏ (ညာလက်မှ) လက်ညှိုးကလေးကို ကောင်မလေး၏ လက်ညှိုးကလေးထံသို့ လှမ်း၍ ဆွဲချိတ်ထားလိုက်သည့်မြင်ကွင်းသည် အင်မတန်မှ ရိုးစင်းပြီး လှပပါသည်။ တစ်ယောက်၏လက်ချောင်းကလေးနှင့် တစ်ယောက်၏လက်ချောင်းကလေးတို့ ထိတွေ့နေပုံတွင် အချစ်ကို ကျွန်တော်မြင်နေရသည်။ (ကောင်မလေး၏ ဘယ်ဘက်ကပေါ့ပေါ့ပါးပါးဆိုသော်ငြား ကောင်လေး၏ ညာလက်တွင်ကား အချုပ်အနှောင်တစ်ခုရှိ၏။)


(၂)

အချုပ်ကားပေါ်ကို တက်လိုက်တော့ ထိုင်စရာနေရာတစ်ခုရ၏။ မိန်းကလေးတွေကိုထားရာ နောက်ခန်း၏ အနီးတွင်ဖြစ်သည်။ အလျင်စလိုပဲ ကျွန်တော်ဝင်ထိုင်လိုက်သည်။ ကျွန်တော့်နောက်မှ တရစပ်လိုက်တက်လာသည့် လူများကတော့ ထိုင်ခွင့်မရတော့။ လူတစ်ယောက်က ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်လျက် နောက်ခန်းကိုကြည့်နေသည်။ သိပ်မကြာမီမှာပင် အချုပ်ကားကြီးသည် ပြည့်သိပ်နေသော ချွေးနံ့တွေကို သယ်ဆောင်၍ သူ့ခရီးကို စတင်လေတော့သည်။ ထိုအခါကျမှ ကျွန်တော့် ရှေ့က မတ်တပ်ရပ်နေသူ၏ နောက်ခန်းကိုကြည့်နေခြင်း အကြောင်းရင်းကို ကျွန်တော်သိရလေသည်။ မိန်းကလေးတွေထားရာနောက်ခန်းနှင့် ကျွန်တော်တို့အခန်းကိုခြားထားသော သံတံခါးချပ်သည် တဖြည်းဖြည်းနှင့်ပွင့်ဟလာ၏။ မတ်တပ်ရပ်နေသူသည် နောက်ခန်းမှတစ်စုံတစ်ယောက်ကို စကားများလှမ်းပြောနေသည်။ “သားကြီး အဲ့ဒါ မင်းကောင်မလေးလား” ထိုသူ၏ဘေးတွင်ရှိသည့် တစ်ယောက်က မတ်တပ်ရပ်နေသူကိုမေးသည်။ ထိုသူကလဲ ခေါင်းညိတ်ကာ အဖြေပေးသည်။ ကျွန်တော်လည်း ထိုသူ၏ကောင်မလေးဆိုသူကို မြင်ရလေမလားအတွေးနှင့် ဝေ့ဝဲကြည့်မိ၏။ သို့သော် ထင်ထင်ရှားရှားမမြင်ရ။ မှန်ချပ်ခြားနေသဖြင့် မဲမဲသဲသဲသဏ္ဌာန်လောက်သာတွေ့ရသည်။ ကြည့်နေစဉ်မှာပင် သံဇကာကွက်များကြားမှ လက်သည်းနီဆိုးဆေးလေးများ ခြယ်သထားသော လက်ချောင်းကလေးများထွက်လာသည်ကို ကျွန်တော်မြင်ရသည်။ သိပ်လှတာပဲ။ ဒီလိုအရာတွေကို ငါမမြင်ရတော့တာ ဘယ်လောက်တောင်ရှိသွားပြီလဲ မသိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုတွေးမိနေသည်။ ထိုစဉ် ထိုခြယ်သထားသော လက်ချောင်းလှလှလေးများကို ကျွန်တော့်ရှေ့တွင် မတ်တပ်ရပ်နေသူက လှမ်း၍ ဖမ်းဆုပ်လိုက်လေသည်။ အလို….. ကျွန်တော့် နှလုံးသားမှာ တစ်စုံတစ်ခုကို ဆုံးရှုံးသွားရသလို ခံစားလိုက်ရသည်။ သို့သော်လည်း ထိုမြင်ကွင်းကလေးကို ကျွန်တော်ပြုံးရယ်ကာ ကြည့်ရှုခဲ့ပါသည်။


83 views0 comments

Recent Posts

See All

Comments


  • Instagram
  • Facebook
  • LinkedIn
  • YouTube

Thanks for submitting!

Subscribe to our Newsletter!

Stay up-to-date with the latest news, events, and opportunities at SUM by signing up for our newsletter!

bottom of page